News

POST TAGGED AS

စည်ပင်ဝန်ကြီး

လစ်လပ်နေသော ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးနေရာကို NLD အမတ်တစ်ဦးအား အဆိုပြု
ရန်ကုန်၊ မတ် ၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်နေသော စည်ပင်သာယာရေးဝန်ကြီးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမတ်တစ်ဦးဖြစ်သူ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကို ပြည်နယ်အစိုးရအဖွဲ့က လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့သည်။

မတ်လ ၇ ရက်တွင် ကျင်းပသည့် ရခိုင်ပြည်နယ် လွှတ်တော်သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် အထက်ပါအတိုင်း အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါဝန်ကြီးနေရာအတွက် အခြားအမည်စာရင်း တင်သွင်းလိုသူများအနေနှင့် မတ်လ ၈ ရက်အထိ ပြည်နယ်လွှတ်တော်သို့ တင်သွင်းနိုင်သည်။

ထိုသို့ စည်ပင်သာယာရေးဝန်ကြီး ရာထူးအတွက် အမည်စာရင်းတင်သွင်းရာ၌ ရခိုင်အမျိုးသားပါတီ ANP အနေဖြင့် အမည်စာရင်းတင်သွင်းမည် မဟုတ်ကြောင်း ANP အမတ်များက ပြောကြားသည်။

“ကျွန်တော်တို့ဘက်ကတော့ ဥပဒေနဲ့ညီရင် မကန့်ကွက်ပါဘူး။ ANP အနေနဲ့ကလည်း ပါတီမူဝါဒအရ အမည်စာရင်းတင်သွင်းမှာ မဟုတ်ပါဘူး”ဟု မြောက်ဦးမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် အမတ်နေရာအများဆုံး အနိုင်ရရှိထားသည့် ANP အနေနှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့်မရသောကြောင့် အစိုးရအဖွဲ့နှင့် မပူးပေါင်းနိုင်ကြောင်း ကြေညာထားသည်။

ယခင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို ပြည်နယ်လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ဇန်နဝါရီလ ၂ ရက်က ပြုလုပ်သော ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်က ထောက်ခံခဲ့သောကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ဦးမင်းအောင်ကို နိုင်ငံတော်သမ္မတရုံးက တာဝန်မှရပ်စဲကြောင်း ကြေညာခဲ့သည်။

ဝေလင်း



FOLLOW US