News

POST TAGGED AS

စစ်ဘေးရှောင်

ကချင်နှင့် ရှမ်းမြောက် ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်
ရန်ကုန်၊ အောက်တိုဘာ ၁၅

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် ရှိသော စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ၌ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ယင်းဒေများရှိ ဒေသဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ရှိသော ဒေသဆိုင်ရာ လူသားချင်း စာနာထောက်ထားရေး အဖွဲ့ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ (JST)အနေနှင့်လည်း အရေးပေါ် မေတ္တာရပ်ခံ တောင်းဆိုချက်တစ်ရပ်ကိုလည်း အောက်တိုဘာ ၁၄ရက်က ထုတ်ပြန်ခဲ့သည်။

အစိုးရနှင့် တပ်မတော်တို့အနေနှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIO) ထိန်းချုပ်ဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ အစိုးရ ထိန်းချုပ် ဒေသများအတွင်းရှိ စစ်ဘေးရှောင်စခန်း(IDP)များသို့ စားနပ်ရိက္ခာ ပို့ဆောင်ဖြန့်ချိရေး ကို တားမြစ်မှုများရှိနေပြီး ပြည်နယ်အစိုးရ၏ ခွင့်ပြုချက် ကြိုတင်ယူရန် အစိုးရက အကူအညီပေးရေးအဖွဲ့များထံ စာထုတ်အကြောင်းကြားထားကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ ယင်းဒေသများသို့ ပုံမှန်ရိက္ခာ ပို့ဆောင်နေခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်လခန့်တွင် စတင်၍ သယ်ဆောင်ခွင့် မပြုတော့ခြင်းဖြစ်ကြောင်း ပူးပေါင်းရေးလုပ်ငန်းစဉ်အဖွဲ့ အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က ပြောကြားသည်။

ယင်းကိစ္စရပ်နှင့်ပတ်သတ်၍ WFP ရုံးကို ဆက်သွယ်မေးမြန်းထားရာတွင် WFP အနေနှင့်လည်း အစိုးရထံ ခွင့်ပြုချက် တောင်းခံနေပြီး တိုက်ပွဲပြင်းထန်မှုများကြောင့် IDP စခန်းများအပေါ် စိုးရိမ်မှုများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကလည်း တဖြည်းဖြည်းနဲ့လျော့လာတယ် Camp မှာနေဖို့လည်း တော်တော်လေး ခက်လာတဲ့ အနေအထားပေါ့” ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေသော အရပ်သားပြည်သူတစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့ထံမှ သိရသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသများတွင် တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ရေးထိုးခြင်း မရှိသေးသော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအောင်း/ပလောင်လွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။



FOLLOW US