News

POST TAGGED AS

စစ်ဘေးရှောင်

ကချင်ပိတ်မိစစ်ရှောင် လွတ်မြောက်ရေး ဆန္ဒပြဦးဆောင်သူသုံးဦးကို ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်

မြစ်ကြီးနား၊ စက်တင်ဘာ ၃

ပိတ်မိစစ်ရှောင်ဒေသခံများ လွတ်မြောက်ရေးအတွက် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲကို ဦးဆောင်သူသုံးဦးအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုကို စွဲချက်တင်ရန် မြို့နယ်တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့က အမိန့်ချလိုက်ကြောင်း အဆိုပါတရားစွဲခံသူများနှင့် ရှေ့နေထံမှ သိရသည်​။

ပိတ်မိပြည်သူများ လွတ်မြောက်ရေး လူထုသပိတ်ကို ဦးဆောင်သူ သုံးဦးမှာ ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူတို့ဖြစ်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြု၍ ယင်းပိတ်မိပြည်သူများ ကယ်တင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“တရားလိုကို စစ်ဆေးပြီးတဲ့အချိန်မှာ ကချင်ပြည်နယ် တရားလွှတ်တော်ကို အမှုကိုချေဖျက်ဖို့ရန်အတွက် အမှုချေလွှာတင်တယ်။ အဲဒါလည်း ပလပ်ခံရတယ်။ ဒီနေ့တော့ အမှုကိုစွဲချက်တင်ဖို့ အမိန့်ချလိုက်တယ်”ဟု တရားစွဲခံရသူ ဦးလွမ်းဇောင်းက ပြောဆိုသည်။

အဆိုပါ တရားစွဲခံရသူ ဦးဇော်ဂျတ်နှင့် ဒေါ်နန်ပူကို ပိတ်မိပြည်သူများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့်အခါ တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေမှုဖြင့်လည်းကောင်း၊ ဦးလွမ်းဇောင်းကို ပြည်သူ ၃၀၀၀ နှင့် လမ်းလျှောက်သည့်အခါ ကိုင်ဆောင်ခဲ့သော ဆိုင်းဘုတ်များနှင့် ဟစ်ကြွေးမှုများသည် တပ်မတော် ဂုဏ်သိက္ခာ ကျစေသည်ဟုလည်းကောင်း တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်ဂျတ်နှင့် ဦးလွမ်းဇောင်း၏ တရားလွှတ်တော်ရှေ့နေ ဦးမုန်ဆိုင်းတူးက ပြောကြားသည်။

“သူတို့သုံးယောက်မှာ နှစ်ယောက်နဲ့ တစ်ယောက်က မတူဘူး။ သို့ပေမယ့် ဒီနေ့တော့ သုံးယောက်လုံးကို ပုဒ်မ ၅၀၀ နဲ့ ဖြေရှင်းဖို့ စွဲချက်တင်လိုက်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ စွဲချက်တင်အမိန့်ချသည့် စက်တင်ဘာလ ၃ ရက်နေ့သည် ၁၅ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး ယင်းအမှုကို လာမည့်စက်တင်ဘာလ ၆ ရက်နေ့တွင် ရုံးချိန်း ကြားနာစစ်ဆေးမည်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားရာတွင် ပိတ်မိနေသည့်ဒေသခံများကို ကယ်ထုတ်ရန် ပြီးခဲ့သည့် ဧပြီလအတွင်းက ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး မေလအတွင်း၌ တရားစွဲဆိုခဲ့ခြင်းလည်းဖြစ်သည်။

R-06



FOLLOW US