News

POST TAGGED AS

စစ်ဘေးရှောင်

ဆီးရီးယားတောင်ပိုင်းတွင် အပစ်ရပ် သဘောတူညီမှုရရှိပြီးနောက် စစ်ဘေးရှောင်များ အိမ်ပြန်ကြ


ဒမတ်စကတ်၊ ဇူလိုင် ၈

ဆီးရီးယားတောင်ပိုင်းတွင် သီတင်းနှစ်ပတ်ကြာ ဗုံးမိုးရွာခဲ့ပြီးနောက် သူပုန်များနှင့် အစိုးရတပ်များအပစ်ရပ် သဘောတူညီမှုရရှိသွားခြင်းကြောင့် စနေနေ့တွင် အရေအတွက်ထောင်နှင့်ချီသော စစ်ဘေးရှောင်ဒုက္ခသည်များ အိမ်ပြန်နေကြပြီဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရ၏ မဟာမိတ် မော်စကိုနှင့် သူပုန်များအကြား စေ့စပ်ဆွေးနွေးခဲ့ပြီးနောက် သောကြာနေ့က ကြေညာခဲ့သော သဘောတူညီချက်အရ တောင်ပိုင်းဂျော်ဒန်နယ်စပ်အနီးရှိ ဒါရာခရိုင်ကို သူပုန်များက လွှဲပြောင်းပေးရမည်ဖြစ်သည်။

၇ နှစ်ကြာဆီးရီးယားပြည်တွင်းစစ် အစပျိုးရာနေရာဖြစ်သော ဒါရာခရိုင်ကို အစိုးရက ပြန်လည်ရယူထိန်းချုပ်နိုင်ခြင်းသည် အာဏာရှင် သမ္မတအာဆတ်အတွက် အောင်ပွဲလက္ခဏာတစ်ခုဖြစ်သည်။

ရုရှားထောက်ပံ့ထားသည့် အစိုးရတပ်များ၏ ဒါရာခရိုင် ထိုးစစ်ကြောင့်ဇွန်လ ၁၉ ရက် နောက်ပိုင်းတွင် ဒေသခံပြည်သူ ၃၂၀,၀၀၀ ကျော် တိမ်းရှောင်ထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအကဲခတ်စောင့်ကြည့်ရေး အုပ်စုအကြီးအကဲ ရာမီအက်ဘ်ဒယ်ရာမန်က “စနေနေ့မှာ အခြေအနေတွေ ငြိမ်သက်သွားလို့ စစ်ဘေးရှောင်တွေ အိမ်ပြန်နေကြပါပြီ။ လောလောဆယ် ကျေးရွာပေါင်း ၁၃ ရွာကစစ်ဘေးရှောင် ၂၈,၀၀၀ လောက် အိမ်ပြန်သွားကြပါပြီ” ဟု ပြောကြားသည်။

ဒါရာခရိုင်တွင် အစိုးရကဗုံးမိုးရွာမှုကြောင့် အရပ်သား ၁၅၀ ခန့် သေဆုံးခဲ့ရပြီး အစိုးရအပေါ် အယုံအကြည်ရှိကြမည်မဟုတ်ဟု အကဲခတ်အုပ်စုက မှတ်ချက်ပေးသည်။

ဂျော်ဒန်စစ်ဘက်ကလည်း လွန်ခဲ့သော ၂၄ နာရီအတွင်း စစ်ဘေးရှောင်ဒုက္ခသည် အမြောက်အမြား ဆီးရီးယားနယ်မြေထဲသို့ ပြန်ဝင်သွားကြကြောင်းနှင့် နယ်စပ်တွင် ထောင်ပေါင်းများစွာကျန်ရှိနေသေးကြောင်း အေအက်ဖ်ပီသို့ ပြောကြားသည်။

စစ်ဘေးရှောင်တစ်ဦးဖြစ်သူ အိုဆာမာအယ်လ်ဟွမ်စီ ၂၆ နှစ်က“အပစ်ရပ် သဘောတူညီမှုကို ထောက်ခံပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ အာမခံချက်မရှိတဲ့အတွက် စိုးရိမ်ရပါတယ်။ ရုရှားနဲ့ ဆီးရီးယား အစိုးရက ဘေးကင်းလုံခြုံမှုကိုအာမမခံနိုင်ပါဘူး။ အပစ်ရပ်စဲမှုကို တကယ်အကောင်အထည်ဖော်ပြီးတော့ ဘယ်သူကမှ မဖမ်းဘူးလို့ အာမခံရင်တော့ အိမ်ပြန်မှာပါ” ဟု ပြောကြားသည်။

ယခုသဘောတူညီချက်အရ သူပုန်များက လက်နက်ကြီးများကိုပါ လွှဲပြောင်းပေးရမည်ဖြစ်ပြီး စာချုပ်ကို ငြင်းပယ်သူများကမူ မြောက်ပိုင်းရှိ သူပုန်ထိန်းချုပ်နယ်မြေများသို့ မိသားစုများနှင့်အတူ ရွှေ့ပြောင်းကြမည်ဖြစ်သည်။

အစိုးရတပ်များသည် ဆီးရီးယားနှင့် ဂျော်ဒန်နယ်စပ်တစ်လျှောက်ရှိ စစ်ဆေးရေးစခန်းအားလုံးကို ထိန်းချုပ်မည်ဟု အစိုးရမီဒီယာက သောကြာနေ့က ကြေညာထားသည်။

သမ္မတအာဆတ်သည် ယခုသဘောတူညီချက်မှ ဆီးရီးယား-ဂျော်ဒန်နယ်စပ် ဒေသများကို ထိန်းချုပ်ခြင်း၊ သူပုန်များ၏ လက်နက်ကြီးများကို တဖြည်းဖြည်းဖြုတ်သိမ်းခြင်း၊ တောင်ပိုင်းတွင် အစိုးရဩဇာကို ပြန်လည်ထူထောင်ခြင်း စသည်ဖြင့် လိုချင်သောအရာများကိုရရှိသွားသည်ဟု ဝါရှင်တန်အခြေစိုက် အကဲခတ်လေ့လာသူ နစ်ခ်ဟာရပ်စ်က ပြောကြားသည်။

သို့ရာတွင် အနောက်ဘက်တွင် အစ္စရေးသိမ်းထားသည့် ဂိုလန်ကုန်းမြင့်နှင့် ကပ်နေသော ကန်နိုင်ထရာခရိုင်ကို ပြန်လည်ရယူရေးမှာမူ ရှုပ်ထွေးလိမ့်မည်ဟု ICG အဖွဲ့ အကဲခတ်လေ့လာသူ ဆမ်ဟယ်လာက မှတ်ချက်ပေးသည်။

“ဆီးရီးယားအနေနဲ့ အစ္စရေးစစ်တပ်ကို သွားမဆွဘဲနဲ့ ဘယ်လိုရှေ့တိုးမလဲဆိုတာက အတော့်ကိုစဉ်းစားရလိမ့်မယ်” ဟု ဆမ်ဟယ်လာကသုံးသပ်သည်။

F-04



FOLLOW US