News

POST TAGGED AS

စစ်ဘေးရှောင်

08-May-2018

သမ္မတ ရုရှား
ရုရှားသမ္မတ စတုတ္ထသက်တမ်းအတွက် ဗလာဒီမာပူတင် ကျမ်းကျိန်၊ အာဏာရှင်ဆန်သည့် အုပ်ချုပ်မှုပုံစံ ပိုမိုအားကောင်းလာဖွယ်ရှိ


မော်စကို၊ မေ ၇

ပြီးခဲ့သည့် မတ်လရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဗလာဒီမာပူတင်သည် ရုရှားသမ္မတအဖြစ် စတုတ္ထသက်တမ်းကို ထမ်းဆောင်ရန် တနင်္လာနေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ရာ ၎င်းအာဏာရ ပြန်လည်ရရှိမှုနှင့်ပတ်သက်၍ အတိုက်အခံများက ရုရှားအာဏာရှင် သို့မဟုတ် ခေတ်သစ်ဧကရာဇ်တစ်ဦးသဖွယ် သတ်မှတ်ပြောဆိုလျက်ရှိကြောင်း သတင်းဌာနများက ရေးသားဖော်ပြကြသည်။ 

ဗလာဒီမာပူတင်သည် ဝန်ကြီးချုပ်ဖြစ်လိုက်၊ သမ္မတဖြစ်လိုက်နှင့် ရုရှားနိုင်ငံ၏ နိုင်ငံရေးအာဏာကို ၁၈ နှစ်တိတိရယူနိုင်ခဲ့ပြီး ၎င်းအာဏာမြဲမြံအောင် ဆုပ်ကိုင်ထားသောပုံစံသည် ဇာဘုရင် အုပ်စိုးမှု သို့မဟုတ် ဧကရာဇ်တစ်ပါး၏ မင်းမူမှုပုံစံနှင့် တူညီနေသည်ဟု ရုရှားအတိုက်အခံများက ပြောကြားသည်။ 

ပူတင် စတုတ္ထအကြိမ်သမ္မတ သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုမှုမပြုမီ အတိုက်အခံအင်အားစုများက ပူတင်နှင့် ရုရှားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးများကို ရုရှားနိုင်ငံတစ်ဝန်းရှိ မြို့များတွင် ပေါ်ပေါက်အောင် ကြိုးပမ်းခဲ့ကြသည်။ သို့သော် အာဏာပိုင်များက ပင်မအတိုက်အခံ ခေါင်းဆောင်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမြောက်အမြားကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။ 

ပူတင်ကျမ်းသစ္စာကျိန်ဆိုသည့် တနင်္လာနေ့ကလည်း မြို့တော်မော်စကိုအပါအဝင် အခြားမြို့များ၌ မငြိမ်မသက်မှုများ ပေါ်ပေါက်ခဲ့သည်။ သတင်းအေဂျင်စီများ၏ ဖော်ပြချက်အရ ကျမ်းသစ္စာကျိန်ဆိုသည့်နေ့တွင် ပူတင်သည် ၎င်းကိုထောက်ခံကြောင်း ပြသသူများနှင့်သာ တွေ့ဆုံခဲ့သည်။ 

စနေနေ့နှင့် တနင်္ဂနွေနေ့များက ဖြစ်ပေါ်ခဲ့သော ပူတင်နှင့် ရုရှားအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် အတိုက်အခံခေါင်းဆောင်နှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် လူပေါင်း ၁၀၀၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

ရုရှားနိုင်ငံရေး လေ့လာစောင့်ကြည့်သူများ၏ ခန့်မှန်းချက်အရပူတင်အနေနှင့် စတုတ္ထမြောက် သမ္မတသက်တမ်းတွင် အာဏာရှင်ဆန်သော ၎င်း၏အုပ်ချုပ်မှုပုံစံများကို ပိုမိုမြင်တွေ့လာရဖွယ်သာရှိသည်။ 

“ဒီကျမ်းသစ္စာကျိန်ဆိုပွဲက ပူတင်အတွက် ရုရှားအာဏာပိုင်နဲ့ သမ္မတတစ်ဦးအဖြစ် ထပ်မံပြဋ္ဌာန်းပေးရုံသာမကပါဘူး၊ သူ့ရဲ့မူဝါဒတွေကို ထောက်ခံတဲ့ပွဲတစ်ပွဲဆိုလည်း မမှားဘူး”ဟု ဂျာမန်အစိုးရ၏ ရုရှားဆိုင်ရာ အထူးဆက်ဆံရေးအရာရှိဟောင်း ဂါနော့အာလာက ပြောကြားသွားသည်။ 
 
မြူးနစ်အခြေစိုက် Ludwig Maximilian တက္ကသိုလ်မှ အရှေ့ဥရောပ သမိုင်းကြောင်းဆိုင်ရာ ပါမောက္ခ မာတင်ရှဲလ်ဇာဗာဇယ်က ပူတင်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုပုံစံအောက်တွင် ရုရှား၏ လွတ်လပ်ခွင့်များ ကွယ်ပျောက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 

“ဒီမိုကရေစီနဲ့ပတ်သက်တာတွေ နည်းပါး၊ ပျောက်ကွယ်လာမှာကို စိုးရိမ်မိတယ်”ဟု ၎င်းက ပြောကြားပြီး ပူတင်၏ အုပ်ချုပ်မှုပုံစံသည် လွတ်လပ်စွာပြောဆိုခွင့်၊ စည်းရုံးခွင့်တို့ကို ကန့်သတ်ခြင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများကို ဖိနှိပ်ခြင်း၊ အင်တာနက်နှင့် လူမှုကွန်ရက်များကို ထိန်းချုပ်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း စသည်တို့ပင်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။ 

F-01



FOLLOW US