News

POST TAGGED AS

စစ်ဘေးရှောင်

မန္တလေးမြို့တော်ရှိ လွတ်လပ်ရေး မော်ကွန်းဝင်များ အခမဲ့ဆေးကုနိုင်သောလက်မှတ် တိုင်းအစိုးရ ထုတ်ပေး

မန္တလေး၊ ဇန်နဝါရီ ၎

မန္တလေးမြို့တော်တွင် နေထိုင်ကြသော လွတ်လပ်ရေး မော်ကွန်းဝင်များအနေနှင့် တစ်သက်တာ အခမဲ့ဆေးကုသခွင့်နှင့် တစ်သက်တာ မော်တော်ယာဉ် အခမဲ့စီးနင်းခွင့် လက်မှတ်တို့ကို နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့တွင် ပိုင်ဆိုင်သွားခဲ့သည်။

မန္တလေးမြို့တော်တွင် နေထိုင်ကြသော လွတ်လပ်ရေး မော်ကွန်းဝင်များကို ဂုဏ်ပြုသည့်အနေနှင့် မန္တလေးတိုင်း အစိုးရအဖွဲ့က အဆိုပါလက်မှတ်များကို နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်ခဲ့ပြီး လက်ရှိအချိန်အထိ သက်ရှိထင်ရှား ရှိနေသေးသည့် လွတ်လပ်ရေး မော်ကွန်းဝင်များကို မော်တော်ယာဉ် အခမဲ့စီးနင်းခွင့် (မန္တလေး တိုင်းယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီအောက်ရှိ ယာဉ်လိုင်း အားလုံးတွင်)၊ မန္တလေး ဆေးရုံကြီးတွင် အခမဲ့ ဆေးကုသခွင့် အပါအဝင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက တစ်လလျှင် ရေ ၁၅ ယူနစ် (၃၃၀ဝ ဂါလန်)၊ မန္တလေးတိုင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တစ်လလျှင် လျှပ်စစ်မီး ၁၅၀ ယူနစ် အခမဲ့ အသုံးပြုခွင့်တို့ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ သစ်တော၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

“ဒီလို ပြုစုစောင့်ရှောက်တာ ကျေးဇူးတင်ပါတယ်။ နှစ်ပေါင်း (၇၀) ကြာမှ ဒီတစ်ပွဲလုပ်လို့ ကျွန်တော်တို့လည်း ဝမ်းသာတယ်။ ၁၉၄၇ ခုနှစ်က ကျွန်တော်တို့ကို ဘယ်သူမှ အသိအမှတ်မပြုဘူး။  ခုနောက်ပိုင်း ဒါတောင် အစိုးရသစ်လက်ထက်ရောက်မှ ပြုစုစောင့်ရှောက်တာ ခံရပါတယ်။ နိုင်ငံတော်ကြီး ဘေးရန်အပေါင်းက ကာကွယ်ကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်”ဟု အသက် ၉၅ နှစ်အရွယ်ရှိ လွတ်လပ်ရေးမော်ကွန်းဝင် ဦးမင်းမောင်က ပြောကြားသည်။

ဦးမင်းမောင်၊ ဦးအောင်သူ၊ ဦးချစ်မောင်နှင့် ဦးကျော်ဘင်တို့သည် မန္တလေးမြို့တော်တွင် နေထိုင်သည့် လွတ်လပ်ရေး မော်ကွန်းဝင်များဖြစ်ပြီး အသက်အရွယ်အားဖြင့် ၉၃ နှစ်နှင့်အထက် ရောက်ရှိနေကြပြီဖြစ်ကြောင်း မန္တလေး တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

“ကျွန်တော်တို့ ပါတီအနေနဲ့ ဂုဏ်ပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးတွေကို တတ်စွမ်းသရွေ့ ဂုဏ်ပြုခဲ့ကြတာပါ။ ဒီနှစ်တော့ အစိုးရအဖွဲ့ကပေးမယ်ဆိုတော့ ကျွန်တော်တို့ မပေးဖြစ်တော့ဘူး။ နိုင်ငံတစ်ခုလုံး လွတ်လပ်ရေးရဖို့ ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးတွေကို ဂုဏ်ပြုထိုက်လို့ ဂုဏ်ပြုတာပါ”ဟု မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးတင်ကိုကိုက ပြောကြားသည်။ 

ယခုနှစ်တွင် မန္တလေးမြို့ပေါ်၌ နေထိုင်သူများကိုသာ ပေးအပ်နိုင်ခဲ့သော်လည်း လာမည့်နှစ်များတွင် အနိမ့်ဆုံး အဆင့်အနေနှင့် မန္တလေးတိုင်းအတွင်း ရှိနေသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုနိုင်ရေး လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

M-04



FOLLOW US