News

POST TAGGED AS

စစ်တွေ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က လူ့အခွင့်အရေးလှုပ်ရှားသူကို ဆက်သွယ်ရေးဥပဒေဖြင့်အမှုဖွင့်
မန္တလေး၊ မေ ၂၆

ကျောက်ဆည်ခရိုင်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည် (ခေါ်) ဒေါ်လှဌေးက လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း မြစ်သားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“ကျွန်မကိုထိခိုက်လို့ တစ်ခုတည်းကြောင့် စွဲတာတော့မဟုတ်ပါဘူး။ အဲ့ဒီအကောင့်က အရင်ကလည်း ကျွန်မကို ထိခိုက်တဲ့ပုံစံမျိုးတွေ မကြာမကြာလုပ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့နဲ့ ၂၁ ရက်နေ့မှာတင်တာတွေက လွှတ်တော်တွေ၊ တရားရုံးတွေရဲ့ ဂုဏ်သိက္ခာကို တော်တော်ဆိုးဆိုးရွားရွားကြီး ထိခိုက်စေလို့ပါ”ဟု တရားလိုဖြစ်သူ ဒေါ်အုန်းကြည်က ပြောကြားသည်။

မေလ ၂၁ ရက်နေ့က “ဘကြီးလင်း ဘကြီးလင်း” အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာတွင် တိုင်းလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်အမတ်များကို ပြောချင်ပါတယ်ခင်ဗျာ ခေါင်းစဉ်ဖြင့် မြစ်သားမြို့နယ်တရားရုံးကို ကျောက်ဆည်ခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီးက ဘာလာလုပ်တာတုံး၊ အမှုပွဲစားလားကွယ် စသည်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းနှင့် ပတ်သက်ပြီး မြစ်သားမြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ အမှန်တရားအတိုင်း ပြည်သူသိအောင် လူမှုကွန်ရက်မှာ တင်ပြတာဖြစ်တယ်”ဟု အမှုဖွင့်ခံထားရသူ “ဘကြီးလင်း ဘကြီးလင်း” အကောင့်ပိုင်ရှင် ဦးခင်အောင်လင်းက ပြောကြားသည်။

ဦးခင်အောင်လင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သူလယ်သမား ပါတီတစ်ခုကို ကိုယ်စားပြုယှဉ်ပြိင်ဖူးသူဖြစ်ပြီး လက်ရှိတွင် လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသူဖြစ်သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည် (ခေါ်) ဒေါ်လှဌေးက မေလ ၂၃ ရက်နေ့တွင် တိုင်ကြားခဲ့သည့်အတွက် မြစ်သားမြို့မရဲစခန်းက ဦးခင်အောင်လင်းကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှသိရသည်။ 

M-04/M-01




FOLLOW US