News

POST TAGGED AS

စစ်တွေ

ရခိုင်ပြည်နယ်အစိုးရရုံးတွင် ဆန္ဒပြခဲ့သော ရခိုင်လူငယ် ၅ ဦးကို အမှုဖွင့်


စစ်တွေ၊ ဇန်နဝါရီ ၂၅ 

ရခိုင်ပြည်နယ် အစိုးရရုံးရှေ့တွင် မြောက်ဦးအဓိကရုဏ်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့လူစုခွဲမှုအပေါ် ရှုတ်ချကြောင်း ဆန္ဒပြခဲ့သော လူငယ်ငါးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်က ပြောသည်။

ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းက လူငယ် ၅ ဦးက မြောက်ဦးမြို့ ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်မှုကို အပြင်း အထန်ကန့်ကွက်ကြောင်း ပိုစတာ၊ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်သူများကို အမြန်ဆုံး ပြင်းထန်စွာအရေးယူပေးရေးပိုစတာ စသည့်ပိုစတာများဖြင့် မိနစ် ၃၀ ခန့် ဆန္ဒပြခဲ့သည်။ 

ဆန္ဒဖော်ထုတ်ခဲ့သူများကို ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ယခုရက်ပိုင်း အမှုဖွင့်ထားပြီး ကျန်ငါးဦးမှာ တိမ်းရှောင်နေသဖြင့် ဖမ်းမိရန် စုံစမ်းနေကြောင်း ရဲမှူးသန်းကျော်က ပြောကြားသည်။ 

“ဒီအမှုက အာမခံပေးလို့ရတဲ့အမှုဖြစ်တယ်၊ ဝင်လာစေချင်တယ်၊ ငွေဒဏ်သုံးသောင်းရှိတဲ့အမှုပဲ၊ တစ်ရက်တည်းနဲ့ ကျေအေးတဲ့အမှုဖြစ်တယ်၊ သူတို့ကိုလည်း မီဒီယာကတစ်ဆင့်ပြောချင်တယ်၊ ဒီလို တိမ်းရှောင်မနေကြနဲ့”ဟု ၎င်းက ဆိုသည်။ 

သက်ဆိုင်ရာသို့ အသိပေးတင်ပြခြင်းမရှိဘဲ စုဝေးခြင်း သို့မဟုတ် စီတန်းလှည့်လည်ခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

“ပြဿနာဖြစ်ကြတဲ့အပေါ်မှာ ဖြေရှင်းတဲ့နည်းစနစ်တွေ ကောင်းဖို့လိုတယ်။ တရားမျှဖို့လိုတယ် ပြည်သူတွေအပေါ် အစိုးရက ကောင်းမွန်တဲ့ နည်းစနစ်တွေသုံးဖို့လိုတယ်လို့ အစိုးရကိုပြောချင်တယ်”ဟု ဇန်နဝါရီလ ၁၇ ရက်နေ့က ဆန္ဒဖော်ထုတ်ရာတွင် ကိုသန်းလှက ပြောခဲ့သည်။

လက်ရှိတွင် အမှုဖွင့်ခံရသူ ငါးဦးကို The Voice က ဆက်သွယ်၍ မရပေ။

မြောက်ဦး အဓိကရုဏ်းတွင် ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်ကာ လူစုခွဲရာမှ ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရခဲ့သည်။

R-22



FOLLOW US