News

POST TAGGED AS

စစ်တွေ

မောင်တောရှိ နေရပ်စွန့်ခွာ မြိုတိုင်းရင်းသား ၅၀၀ ကျော် ဆန်ပြတ်

စစ်တွေ၊ ဒီဇင်ဘာ ၃၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သုံးမိုင်ရပ်ကွက် တံတားဦးတွင် နေထိုင်သော နေရပ်စွန့်ခွာ မြိုတိုင်းရင်းသား ၅၀၀ ကျော် စားသုံးရန်အတွက် ဆန်ပြတ်လပ်နေကြောင်း ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

“လူများတဲ့ မိသားစုတွေမှာတော့ မနက်ဖြန်တစ်ရက်ထက် ဆန်ပိုမရှိတော့ဘူး။ လူနည်းတဲ့ မိသားစုတွေမှာတော့ နှစ်ရက်စာလောက် ကျန်နိုင်သေးတယ်” ဟု ဆရာတော်က မိန့်သည်။

နေရပ်စွန့်စွာလာကြသော အိမ်ထောင်စု ၇၆ စု နေထိုင်နိုင်ရန်အတွက် ဆရာတော်က တဲအိမ် ၄၅ လုံးနှင့် ဝေဟင်အောင် ပရဟိတအဖွဲ့က တဲအိမ် ၁၇ လုံး စုစုပေါင်း တဲအိမ် ၆၂ လုံး ဆောက်လုပ် လှူဒါန်းထားကြောင်း၊ ဒီဇင်ဘာလ ၃၁ ရက်က မြိုတိုင်းရင်းသား အိမ်ထောင်စု ၆ စုခန့်က နေရပ်စွန့်ခွာကာ သုံးမိုင်သို့ လာရောက်နေထိုင်နေကြောင်း၊ ထပ်မံရောက်ရှိလာသူများမှာ စိုင်းဒင် ရေတံခွန်အထက်ဘက်က တောင်များကိုကျော်ကာ သုံးရက်ခန့် လမ်းလျှောက်လာရပြီး ကလေးများနှင့် အထုပ်အပိုးများကို ယူဆောင်လာကြကြောင်း ၎င်းထံမှ သိရသည်။ 

“အရင်ငါးရက်၊ ခြောက်ရက်လောက်က ကြက်ခြေနီအဖွဲ့ကတော့ ဆန်လာလှူတယ်၊ ဆန်က မလောက်ဘူး၊ နေရေးက အခု လုံလောက်ပေမယ့် မြိုလူမျိုးတွေ ထပ်ရောက်မယ်လို့လည်းကြားတယ်” ဟု ဆရာတော် ဦးစန္ဒာသီရိက မိန့်သည်။ 

လက်ရှိအချိန်တွင် နေရပ်စွန့်ခွာ မြိုတိုင်းရင်းသားများကို ကျန်းမာရေးဌာနမှ ကျန်းမာရေး စောင့်ရှောက်ပေးမှုများရှိပြီး သက်ဆိုင်ရာဌာနများက အိမ်ထောင်စုစာရင်းများကို လိုက်လံကာ ကောက်ယူနေကြကြောင်း သိရသည်။

ယခု ခိုလှုံနေထိုင်သော တိုင်းရင်းသားများသည် ဘူးသီးတောင်မြို့နယ် မင်းကိုက်၊ မင်းသက်စသည့် ကျေးရွာ ၆ ရွာခန့်အနီးတွင် တိုင်းရင်းသား လက်နက်ကိုင်များ သွားလာလှုပ်ရှားမှုများ ရှိသောကြောင့် ဒေသခံများက တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဦးစန္ဒာသီရိသည် မြိုတိုင်းရင်းသား လူမျိုးဖြစ်သည့်အတွက် ဒုက္ခသည်များမှာ ဘူးသီးတောင်သို့ မတိမ်းရှောင်ဘဲ ဆရာတော်ထံ ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည်။ 

ခိုင်မင်းညို



FOLLOW US