News

POST TAGGED AS

စစ်တွေ

ရခိုင်ပြည်နယ်အရေးဆွေးနွေးရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်၊ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရန်စီစဉ်ထား


တိုကျို၊ ဒီဇင်ဘာ ၂၆

ကဏ္ဍအသီးသီးအတွက် မြန်မာနိုင်ငံကို အကူအညီမြောက်မြားစွာပေးလျက်ရှိသော ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုသည် လာမည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်ကို Kyodo သတင်းဌာနက ကိုးကားဖော်ပြသည်။ 

အဆိုပါခရီးစဉ်သည် မစ္စတာတာရိုကိုနိုအတွက် ပထမဆုံးမြန်မာခရီးစဉ်ဖြစ်ပြီး ခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ဘင်္ဂါလီဒုက္ခသည်များအတွက် ဒုက္ခသည်စခန်းများ တည်ဆောက်ထားမှုအခြေအနေကို ကြည့်ရှုရန်  အစီအစဉ်ရှိသည်ဟုလည်း သတင်းရင်းမြစ်က ဆိုသည်။ 

သို့သော် ဇန်နဝါရီလ မည်သည့်နေ့ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး အချိန်မည်မျှကြာမြင့်အောင် နေထိုင်မည်ဟူသော အသေးစိတ်အချက်အလက်ကို သိရှိရခြင်း မရှိသေးပေ။ 

မြန်မာနိုင်ငံသည် ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့၏ ဖိအားပေးမှုများနှင့် ကြုံတွေ့နေရသော်လည်း ဂျပန်အစိုးရအနေနှင့် မြန်မာအစိုးရနှင့် ဆက်ဆံရေးဆိုးရွားမည့်ကိစ္စမျိုး ပြုလုပ်ဖွယ် မရှိကြောင်း၊ အကြောင်းမှာ မြန်မာ့စီးပွားရေးဈေးကွက်သည် တိုးတက်ဖွံ့ဖြိုးရန် အလားအလာကောင်းများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း Japan Times သတင်းစာက ဖော်ပြသည်။ 

နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုကိုနိုအနေနှင့်လည်း မြန်မာနှင့်  နိုင်ငံတကာအသိုင်းအဝိုင်းအကြား စေ့စပ်ညှိနှိုင်းပေးသူ အခန်းကဏ္ဍမှ ပါဝင်ခြင်း ရှိ၊  မရှိကို ယင်းခရီးစဉ်တွင် သိရှိရလိမ့်မည်ဖြစ်သည်။ 

သို့သော် ယင်းခရီးစဉ်တွင် ဘင်္ဂါလီပြဿနာနှင့် ပတ်သက်၍ ဂျပန်နိုင်ငံက အကူအညီပေးရန် အသင့်ရှိနေပါသည်ဟူသော အချက်ကို မစ္စတာတာရိုကိုနိုအနေနှင့် မြန်မာအစိုးရအား ထုတ်ဖော်အသိပေးမည်ဖြစ်သလို နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်နေသည့် မြောက်ကိုရီးယားနိုင်ငံအပေါ် တဖြည်းဖြည်းချင်း ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သွားရန် ပြောဆိုမည်ဖြစ်သည်ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။

F-01



FOLLOW US