News

POST TAGGED AS

စစ်တောင်း

06-Sep-2018

စစ်တောင်း
စစ်တောင်းမြစ်ရေ ပြန်တက်၍ တောင်ငူဒေသခံများ နီးစပ်ရာသို့ ရွှေ့ပြောင်း


တောင်ငူ၊ စက်တင်ဘာ ၅

ပြန်လည်ကျဆင်းခဲ့သော ပဲခူးတိုင်း တောင်ငူမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် စက်တင်ဘာလ ၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိလာသည့်အတွက် ယင်းဒေသခံများ နီးစပ်သည့် ရေလွတ်ရာနေရာများသို့ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

စစ်တောင်းမြစ်ရေသည် ဇူလိုင်မှ စက်တင်ဘာလအတွင်း သုံးကြိမ်မြောက်အဖြစ် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး လက်ရှိရေဘေးရှောင်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပေးထားခြင်း မရှိသေးကြောင်း တောင်ငူဒေသခံများထံမှ သိရသည်။

“အခုရေပြန်တက်တော့ အိမ်ထောင်စုအချို့ ပြန်ရွှေ့နေရတယ်။ ပေါ်တော်မူဘုရားပေါ်လည်း ရေဝင်နစ်မြုပ်တဲ့ အိမ်ထောင်စုတွေ ပြန်ရွှေ့လာပြီဆိုပေမယ့် စာရင်းမကောက်ရသေးသလို ရေဘေးစခန်းအဖြစ် မသတ်မှတ်သေးဘူး” ဟု တောင်ငူမြို့ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဌေးက ပြောကြားသည်။

အထက်ပေါင်းလောင်းဆည်တွင် ရေကျော်နေသကဲ့သို့ ပျဉ်းမနားနှင့် နေပြည်တော်တို့တွင် မိုးများစွာရွာသွန်းနေသည့်အတွက် စက်တင်ဘာလ ၅ ရက် နေ့ တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့၏ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၂၄ စင်တီမီတာအထိ ပြန်လည်မြင့်တက်လာကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ဩဂုတ်လ ၂၉ ရက်နေ့က ဆွာတမံကျိုး၍ စစ်တောင်းမြစ်ရေမြင့်တက်ခြင်းကို ဖြစ်ပေါ်စေခဲ့ပြီး စက်တင်ဘာလဆန်းရက်များက ယင်းမြစ်ရေကျဆင်းခြင်းကြောင့် ရေဘေးသင့်သူများ နေရပ်ပြန်ပြီး မကြာမီ စက်တင်ဘာလ ၅ ရက်နေ့တွင် စိုးရိမ်ရေမှတ်အထက်သို့ ပြန်လည်ရောက်ရှိလာသည့်အတွက် တောင်ငူမြို့နယ်အတွင်း ရေပြန်ကြီးခြင်းနှင့် ရင်ဆိုင်နေရသည့်အတွက် အရေးပေါ်ပြောင်းရွှေ့မှုများ လုပ်ဆောင်နေရခြင်းဖြစ်သည်။

R-15



FOLLOW US