News

POST TAGGED AS

စစ်တောင်း

စစ်တောင်းမြစ်ကူးတံတားစီမံကိန်းအတွက် မြေယာနစ်နာကြေး ကျပ်သိန်း ၅၀၀ ခန့်ပေးမည်
တောင်ငူ၊ ဇူလိုင် ၅

ပဲခူးတိုင်း ဖြူးမြို့နယ် အုတ်ဖြတ် ကျေးရွာနှင့် ကျောက်ကြီးမြို့နယ် မုန်းမြို့အနီးတွင် တည်ဆောက်နေသည့် စစ်တောင်းမြစ်ကူးတံတား စီမံကိန်းအတွက် မြေယာနစ်နာကြေး ကျပ်သိန်း ၅၀၀ ခန့်သာပေးမည်ဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းလွင်က ပြောကြားသည်။

“ကွင်းဆင်း စိစစ်ကောက်ယူနေပါပြီ။ မြေဘယ်နှဧကလောက် ပါမယ်ဆိုတာ အတိအကျ ပြောမရသေးပေမယ့် ကျပ်သိန်း ငါးရာလောက် နစ်နာကြေးပေးဖို့ ရှိပါတယ်။ ရေတွင်းတစ်တွင်းနဲ့ တဲတစ်လုံးပါတာကလွဲရင် အိမ်ရာနစ်နာကြေးပေးဖို့ မရှိပါဘူး”ဟု ၎င်းက ပြောဆိုသည်။

ယင်းလျော်ကြေးပေးအပ်ရန်နှင့်ပတ်သက်ပြီး တံတားတည်ဆောက်မည့် ဧရိယာအတွင်း ပါဝင်နေသည့် လယ်ပိုင်ရှင်များနှင့် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ကျောက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်ထံမှ သိရသည်။

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်း လေးခုမြောက် စစ်တောင်းမြစ်ကူးတံတား စီမံကိန်းကို ယခုလအတွင်းမှစတင်ကာ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်နေပြီး ပြည်ထောင်စု ရန်ပုံငွေ ကျပ်သန်း ၅၅၀ ခန့် (စီမံကိန်းတန်ဖိုး ကျပ်သန်းပေါင်း လေးထောင့်ရှစ်ရာကျော်)နှင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ယင်းတံတားကို ချဉ်းကပ်လမ်း အပါအဝင် အရှည်ပေ ၇၄၀၊ ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွား လမ်း ၂ ပေဖြင့် သံကူကွန်ကရစ်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

“မုန်းနဲ့ အုတ်ဖြတ်ကို စစ်တောင်းမြစ် ခြားထားတာ ဖြစ်ပေမယ့် မုန်းဘက်ခြမ်းနေရာက မုန်းမြို့နဲ့ဝေးတယ်။ ဒီတော့ မိုးတွင်းဆို အုတ်ဖြတ် အ.ထ.က ကို လာတက်တဲ့ ကျောင်းသားတွေက မြစ်ကူးရတာ အန္တရာယ်ရှိတော့ တံတားကြီးဆောက်မှာ ကြိုဆိုတယ်”ဟု မုန်းဒေသခံတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

R-15



FOLLOW US