News

POST TAGGED AS

စစ်သား

ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သော အမေရိကန်စစ်သားရုပ်ကြွင်းများကို ပြုံယမ်းလွှဲပြောင်းပေးအပ်


ပြုံယမ်း၊ ဇူလိုင် ၂၈

ကိုရီးယားစစ်ပွဲတွင် ကျဆုံးခဲ့သည်ဟု ယုံကြည်ရသော အမေရိကန်တပ်ဖွဲ့ဝင် ၅၅ ဦး၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားက ပြန်လည်လွှဲပြောင်းပေးခဲ့ရာ မပြီးပြတ်နိုင်သောကိစ္စကို အပြီးသတ်ရန် စောင့်ဆိုင်းနေကြသော မိသားစုဝင်များအတွက်မျှော်လင့်ချက်အသစ်များ ထွက်ပေါ်လာစေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားရှိ အမေရိကန်စစ်စခန်းသို့ ရုပ်ကြွင်းများ ပြန်လည်ပေးအပ်မှုသည် အထူးသတိထားလုပ်ဆောင်နေကြသော နှစ်နိုင်ငံဆက်ဆံရေးတွင် နောက်ဆုံးတိုးတက်ဖြစ်ပေါ်မှုတစ်ခုဖြစ်သည်။ ရုပ်ကြွင်းလွှဲပြောင်းရေးကို ဇွန်လက ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲတွင် သဘောတူခဲ့ကြခြင်းဖြစ်သည်။ နောက်ထပ်လွှဲပြောင်းပေးမှု များရှိလာဦးမည်ဟု မျှော်လင့်ရသည်။

“အချစ်ဆုံးမိသားစုဝင်တစ်ဦး ဘာဖြစ်သွားမှန်းမသိရဘဲ နေထိုင်နေရတဲ့ ဘဝဟာအင်မတန် ခက်ခဲပါတယ်” ဟု ပျောက်ဆုံးစစ်သားတစ်ဦး၏ သမီးဖြစ်သူက ဘီဘီစီသို့ ပြောကြားသည်။

ရုပ်ကြွင်းများလွှဲပြောင်းပေးမှုသည် ဇွန်လက သဘောတူညီချက်တွင် ဖော်ပြထားသော အချက်လေးချက်တွင် ပါဝင်ပြီး ၁၉၅၃ ကိုရီးယားစစ်ပွဲ ရပ်စဲမှုစာချုပ် ၆၅ နှစ်ပြည့်သည့်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ယခုရုပ်ကြွင်းများကို အမေရိကန်တပ်ဖွဲ့ဝင်များစစ်မှန်ကြောင်း သေချာစေရန် မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းများ လုပ်ဆောင်ရဦးမည်ဖြစ်ရာ နောက်ထပ်နှစ်အနည်းငယ် ကြာမြင့်နိုင်သည်။

ကိုရီးယားစစ်ပွဲစစ်အကျဉ်းသားများနှင့် တိုက်ပွဲအတွင်း ပျောက်ဆုံးသူများ ဆိုင်ရာကွန်ရက်ကို ထူထောင်လှုပ်ရှားနေသူ မစ္စတာဇင်မာလီးကမူ “ဒီရုပ်ကြွင်းတွေဟာ မြောက်ကိုရီးယားတွေက စစ်ပွဲအတွင်း ရန်သူလို့ စာရင်းသွင်းထားသူတွေသာ ဖြစ်ပါတယ်။ အမေရိကန်တွေ ဖြစ်ချင်မှ ဖြစ်မယ်။ ဗြိတိသျှတွေ၊ ဩစတြေးလျတွေ၊ ဘယ်လ်ဂျီယံတွေလည်း ဖြစ်ချင်ဖြစ်နိုင်တယ်” ဟု မှတ်ချက်ပေးသည်။

တောင်ကိုရီးယားအူဆန်စစ်စခန်းသို့ ရောက်ရှိလာသော အမေရိကန်အလံပတ် သစ်သားပုံးလေးများကို အမေရိကန်စစ်သားများနှင့် မိသားစုဝင်များက တန်းစီကာ အလေးပြုခဲ့ကြပြီး သမိုင်းတွင် အရေးကြီးသောအခိုက်အတန့်တစ်ခုကို မြင်တွေ့ရခြင်းဖြစ်သည်ဟု ပြောကြားကြသည်။

ကိုရီးယားစစ်ပွဲပြန်တစ်ဦးက “တကယ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နိမိတ်ပုံသင်္ကေတတစ်ခုပါပဲဗျာ” ဟု အလေးပြု အခမ်းအနားမတိုင်မီ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားနှင့် ကုလသမဂ္ဂတပ်များဘက်မှ အမေရိကန်တပ်ဖွဲ့ဝင် ၃၂၆,၀၀၀ ပါဝင်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ အကြောင်းရင်းမသိရဘဲ ပျောက်ဆုံးနေသူ ၃၃၀၀၀ အနက် အမေရိကန်စစ်သား ၅၃၀၀ ခန့် ပါဝင်သည်။

၁၉၉၆ နှင့် ၂၀၀၅ အတွင်း အမေရိကန်စစ်သား ၂၂၉ ဦး၏ ရုပ်ကြွင်းများကို မြောက်ကိုရီးယားဘက်မှ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြုံယမ်း၏ နျူကလီးယားစမ်းသပ်ဖောက်ခွဲမှုများကြောင့် တင်းမာမှုကြီးထွားလာချိန်တွင် ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။ 

F-04



FOLLOW US