News

POST TAGGED AS

စစ်တမ်း

မယားပါသမီးကို ရှစ်နှစ်ကြာ အဓမ္မပြုကျင့်သည့် ပထွေးကို ဖမ်းဆီး
ပုသိမ်၊ ဇူလိုင် ၂၅

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်တွင် မယားပါသမီးအား ရှစ်နှစ်ခန့် သားမယားပြုကျင့်နေသည့် ပထွေးကို မြောင်းမြ မြို့မရဲစခန်းက ဇူလိုင် ၂၄ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မြောင်းမြမြို့နယ်၊ ဆင်ကူးကျေးရွာ အုပ်စု၌ နေထိုင်သူ အသက် ၄၂ နှစ်အရွယ် အမျိုးသားသည် ၎င်း၏မိန်းမ ကျောင်းဆရာမဖြစ်သူက ဖောင်ကြီးသင်တန်း တက်ရောက်နေချိန်တွင် တစ်အိမ်တည်းအတူ နေထိုင်သော ထိုအချိန်က (၂၀၁၀ ပြည့်နှစ်) အသက် ၁၄ နှစ်အရွယ်ရှိ ၈ တန်း ကျောင်းသူ မယားပါသမီးကို သားမယား ပြုခဲ့ခြင်းကို မိခင်က လာရောက်တိုင်ကြားခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

“သမီးအတွက် တစ်ရှက်ကနေ နှစ်ရှက်ဖြစ်လာမှာ စိုးရိမ်နေတာကြောင့်ရယ်၊ သူ (ပထွေး) က သတ်မယ် ခြိမ်းခြောက်တာကြောင့်ရယ် ရဲစခန်းကိုတိုင်ဖို့ အတော်ခက်ခဲရတယ်”ဟု မိခင်ဖြစ်သူက ဆိုသည်။

သမီးဖြစ်သူက ပထွေးက အဓမ္မ သားမယားပြုကျင့်ကြောင်း မိခင်ဖြစ်သူကို ပြန်လည်ပြောပြသော်လည်း ပထွေးဖြစ်သူက အခြားသူများကိုပြောလျှင် နှစ်ဦးလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ကိုယ်ဝန်ရှိသဖြင့် ပထွေးဖြစ်သူက ကိုယ်ဝန်ပျက်ကျဆေးများ တိုက်ခဲ့သည့်အတွက် မြောင်းမြဆေးရုံသို့ တက်၍ သားအိမ်ခြစ်ခဲ့ရကြောင်း ကိုယ်ဝန်ပျက်ကျပြီး ၁ လခွဲအကြာတွင် အဓမ္မထပ်မံ၍ သားမယားပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူက ရဲစခန်းတွင် ထွက်ဆိုတိုင်ကြားသည်။

ထို့နောက် ၂၀၁၅ ခုနှစ်က ၁၀ တန်း တက်နေချိန်တွင်လည်း ကျောင်း ၄ ရက်ဆက်တိုက်ပိတ်သည့် ရက်များတွင် သမီးဖြစ်သူကို အဓမ္မပြုကျင့်ခဲ့ပြီး တက္ကသိုလ်တက်ချိန်တွင်လည်း အိမ်ပြန်မလာပါက ပထွေးဖြစ်သူက ကျောင်းသို့လိုက်၍ အရှက်ခွဲမည်ပြောသောကြောင့် သမီးဖြစ်သူက ပြန်လာ၍ သားမယားအဖြစ် နေထိုင်ပေးခဲ့ရကြောင်း၊ သမီးဖြစ်သူက အိမ်တွင် မနေချင်တော့ကြောင်းပြောသဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တခြားနေရာသို့ ပထွေးဖြစ်သူမသိအောင် ပို့ဆောင်ခဲ့ကြောင်း မိခင်ဖြစ်သူ၏ ထွက်ဆိုတိုင်ကြားချက်များအရ သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တိုင်ကြားခံရသူကို မြောင်းမြမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၂၁ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

R-12



FOLLOW US