News

POST TAGGED AS

စစ်စခန်း

စစ်စခန်းများ ဘင်္ဂါလီရွာဟောင်းနေရာများတွင် ဆောက်သည်ဟု AI အဖွဲ့ စွပ်စွဲချက် မဟုတ်မှန်ဟု အစိုးရငြင်း
ရန်ကုန်၊ မတ် ၁၃

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီရွာဟောင်းနေရာများတွင် တပ်မတော်က စစ်အခြေစိုက်စခန်းများ ဆောက်လုပ်နေသည်ဆိုသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ၏ စွပ်စွဲချက်မဟုတ်မှန်ကြောင်း အစိုးရက ငြင်းဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင်ကို မတ်လ ၁၂ရက်က ထုတ်ပြန်ခဲ့ပြီး အဆိုပါအစီရင်ခံစာတွင် ဂြိုဟ်တုမှရရှိသော အထောက်အထားများအရ တပ်ပိုင်းဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်နေသည်ဟု စွပ်စွဲဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ စွပ်စွဲချက်များသည် မှားယွင်းနေပြီး စစ်အခြေစိုက်စခန်းများ ဆောက်လုပ်နေခြင်းမရှိဘဲ ပြန်လည်ထူထောင်ရေးနှင့် ကျေးရွာသစ်တည်ဆောက်ရေး စီမံကိန်းများသာ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် လူသားချင်းစာနာမှု ကူညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မွတ်ဆလင်များကို ပြန်လည်လက်ခံရန် ကျေးရွာစီမံကိန်းများ၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရေး လုပ်ငန်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး တပ်စခန်းအကြီးစား ဆောင်ရွက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

“ပြန်လည်နေရာချရေးအတွက် မီးလောင်ပြင်တွေကို မရှင်းဘဲ လုပ်လို့မရပါဘူး။ နေရာပုံစံတကျ လုပ်တာမှာ မြေညှိတာတွေ ရှင်းလင်းတာတွေ လုပ်ရမှာပါ။ အဲဒါတွေကို ထည့်ပြောထားတာပါ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်က ပေးပို့သည့် ဒုက္ခသည်စာရင်းကို စိစစ်ကာ ပြန်လည်လက်ခံသွားရန် မြန်မာအစိုးရအနေနှင့် အသင့်ဖြစ်နေပြီဖြစ်ပြီး စာရင်းပေးပို့ထားသည့် လူဦးရေ ရှစ်ထောင်ကျော်အနက် ၃၀၀ ကို စိစစ်ပြီးဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လွှဲပြောင်းပေးမည့် ပထမအသုတ်တွင် အိမ်ထောင်စု ၁၆၃၇ စုမှ လူဦးရေ ၈၀၃၂ဦး စာရင်းကို ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်က ပေးအပ်ထားခြင်းဖြစ်သည်။ 

J-08



FOLLOW US