News

POST TAGGED AS

စစ်ကိုင်း

စစ်ကိုင်းတိုင်း အစိုးရ တစ်နှစ်အတွင်း တံတားပေါင်း ၄၉၀ ကျော် ဆောက်လုပ်ခဲ့ဟု ပြန်ရှင်း
မုံရွာ၊ မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်၌ တံတားအစင်းရေ ၄၉၁ စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် တိုင်းအစိုးရ၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် ရှင်းလင်းပွဲအတွင်းမှ သိရသည်။

အဆိုပါ ဒေသအတွင်း လမ်းတံတားများ ဆောင်ရွက်ရာတွင် ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေ၊ သီးသန့်ရန်ပုံငွေ ကျပ် ၁၂၉ ဒသမ ၇၉ ဘီလီယံဖြင့် တံတားအစင်းရေ ၄၉၁ စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ တစ်နှစ်အတွင်း တံတား အစင်းရေ ၇၅၆ စင်း တည်ဆောက်နိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည့်အပေါ် ယခုကဲ့သို့ ပြန်လည်ရှင်းလင်းခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ကတ္တရာ ကွန်ကရစ် (AC) လမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်လမ်း၊ အမာခံ လမ်းအမျိုးအစားလေးမျိုး စုစုပေါင်း မိုင် ၂၈၀ ကျော် ဆောင်ရွက်နိုင်ပြီး ကွန်ကရစ်၊ သစ်သား၊ ဘေလီ၊ ရေပြွန်၊ ရေကျော် တံတားအစင်းရေ စုစုပေါင်း ၄၉၁ စင်းကို တည်ဆောက်နိုင်ခဲ့ကြောင်း ဦးမြင့်ဦးက ပြောဆိုသည်။

တည်ဆောက်ပြီးသည့် တံတားများတွင် ပေ ၁၈၀ အထက် ကွန်ကရစ်တံတား နှစ်စင်း၊ ဘေလီတံတား တစ်စင်း၊ ပေ ၁၈၀ အောက် ကွန်ကရစ်တံတား ၄၄၄ စင်း၊ သစ်သားတံတား ၅ စင်းနှင့် ရေကျော်ရေပြွန် ၃၉ စင်းတို့ဖြစ်ပြီး ယခင်မီဒီယာများထံ ကြိုတင်ဖြန့်ဝေထားသည့် စာရင်းမှာ မှန်ကန်မှု မရှိသည့်အတွက် ယခုကဲ့သို့ လွဲမှားရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တံတားများတွင် ချင်းတွင်းမြစ်ကူးတံတားအဖြစ် တည်ဆောက်နေသော ဟုမ္မလင်းတံတား၊ ခန္တီးတံတား နှစ်စင်း၊ ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး လမ်းပေါ်တွင် တည်ဆောက်နေသော တံတား ၁၂ စင်းမှာ တည်ဆောက်ဆဲ ဖြစ်ကြောင်း လမ်းဦးစီးဌာန၏ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု ရှင်းလင်းချက်များအရ သိရသည်။  

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းအတွင်း လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ ရှိနေသည်ဟု သတိပေး ပြောကြားထားသည့်အတွက် ယင်းလိုအပ်ချက်များကို အဓိကထား ဆောင်ရွက်လျက် ရှိနေကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

R-08



FOLLOW US