News

POST TAGGED AS

စစ်ကိုင်း

18-May-2017

စစ်ကိုင်း
ခန္တီးရတနာနယ်မြေ ရုန်းရင်းဆန်ခတ်မှု လူလေးဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ
မန္တလေး၊ မေ ၁၇

ခန္တီးရတနာနယ်မြေ နန်စီပွန်ဒေသတွင် မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူများအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့မှုကြောင့် လူလေးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကျွန်တော် သိရသလောက်တော့ ရေမဆေးရှာသူ တစ်ယောက်က ဦးပိုင် (ဒေသခံတွေ အခေါ်) ကုမ္ပဏီ ခြံစည်းရိုး ကြားကနေဝင်ဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်တယ်။ အဲဒီကနေ  ရေမဆေးသမားတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး လူသေမှုနဲ့ ဒဏ်ရာရရှိမှုတွေ ဖြစ်သွားတယ်” ဟု နန်စီပွန်ဒေသခံတစ်ဦး ဖြစ်သူ ဦးရှမ်းလေးက ပြောဆိုသည်။

“တာဝန်ရှိတဲ့သူတွေ အခင်းဖြစ်တဲ့ဆီကို သွားနေတုန်းမို့ သတင်းအတိအကျ မသိရသေးပါဘူး။ ခန္တီးနဲ့ နန်စီပွန်ကလည်း မိုင် ၃၀ လောက် ဝေးတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ပါတယ်” ဟု ခန္တီးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲစခန်းများမှ တာဝန်ရှိသူများမှ အတည်ပြုချက် ရယူနေသော်လည်း မေလ ၅ ရက်နေ့ ညနေ  ၄ နာရီခွဲခန့်အထိ ဆက်သွယ်၍ မရသေးပေ။

ဒဏ်ရာရလူနာများအနက် ခြောက်ဦး သည် ခန္တီးပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူရန် ရောက်ရှိနေပြီး ကျန်သူများလည်း ဆက်လက်ရောက်ရှိလာမည် ဖြစ်ကြောင်း ၎င်းတို့ကို ကူညီပေးနေသည့် ခန္တီးမြို့ခံတစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ခန္တီးရတနာနယ်မြေ နန်စီပွန်လုပ်ကွက်နှင့် မကျန်ခ လုပ်ကွက်တို့ အတွင်းသို့  တရားမဝင် ဝင်ရောက်နေထိုင်သူအချို့က အုပ်စုဖွဲ့၍ ကျူးကျော်ဝင်ရောက်ကာ ကုမ္ပဏီများမှ စွန့်ပစ်ခြင်း မရှိသေးသည့် ကျောက်ကြမ်းမြေစာပုံများတွင် ရှာဖွေခြင်း၊ ထိုသို့ ပြုလုပ်စေရန် လူအများကို လှုံ့ဆော်ခြင်း၊ အားပေးခြင်းတို့ကြောင့် တရားဝင် လုပ်ကိုင်ဆောင်ရွက်သူများ၏ အသက်အိုးအိမ် လုံခြုံရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုကာ အဆိုပါဒေသမှ ရေမဆေးကျောက် ရှာဖွေသူများ မေလ ၃၀ ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းကြရန် ယင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မေလ ၁၆ ရက်နေ့က အမိန့်ထုတ်ထားသည်။ 

သေဆုံးသူများမှာ နန်စီပွန်ဒေသခံ ရေမဆေးကျောက် ရှာဖွေသူများ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း သက်ဆိုင်ရာဘက်မှ တစ်စုံတရာ အတည်ပြု ပြောကြားခြင်း မရှိသေးပေ။  

M-01



FOLLOW US