News

POST TAGGED AS

စစ်ကိုင်း

15-May-2017

စစ်ကိုင်း
ကနီမြို့နယ်အတွင်း လေပြင်းတိုက်၍ သားအမိနှစ်ဦး နေအိမ်ပိ သေဆုံး
ကလေး၊ မေ ၁၅

စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း မေလ ၁၄ ရက် ညနေ ၄ နာရီခွဲခန့်မှစ၍ တစ်နာရီနီးပါး လေပြင်းတိုက်ခတ်ရာ သားအမိနှစ်ဦး သေဆုံးကာ လူ ၆ ဦး ဒဏ်ရာရရှိပြီး အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးခဲ့ကြောင်း ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက The Voice သို့ ပြောကြားသည်။

လေပြင်းကြောင့် ကနီမြို့ အမှတ် ၃ ရပ်ကွက် မြတ်လေးလမ်းနေ ဒေါ်စန်းစန်းကြည် အသက် ၅၈ နှစ်နှင့် ၄င်း၏သားဖြစ်သူ ကိုမင်းမြတ်သူ အသက် ၂၂ နှစ်တို့ နေအိမ်ပြိုကျရာမှ နေအိမ်ပိသေဆုံးခဲ့ခြင်း ဖြစ်ပြီး ၆ ဦးမှာလည်း နေအိမ်ပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

ထို့ပြင် လူနေအိမ် ၁၀၀ ကျော် အမိုးလန်ပျက်စီးခဲ့ပြီး ဓာတ်တိုင် ၅၀ ခန့်၊ သစ်ပင် ၃၀ ကျော် ပြိုလဲခဲ့ပြီး မြို့နယ်ပညာရေးမှူးရုံး အမိုးလန်ပျက်စီး၍ ယင်းရုံးအတွင်း သိမ်းဆည်းထားသည့် ပညာရေး စာရွက်စာတမ်းများနှင့် သမဝါယမရုံးလည်း အမိုးလန်ပျက်စီး၍ ကွန်ပျူတာများ၊ စာရွက်စာတမ်းများ မိုးရေစို ပျက်စီးခဲ့ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး ဝန်ထမ်းအိမ်ယာ အိမ်အချို့ သစ်ပင်ပိပျက်စီးခဲ့ကြောင်း ဦးထွန်းထွန်းဝင်းက ဆိုသည်။

“ပထမက မြောက်လေ အရင်လာတာ။ မြောက်လေ လာပြီးတော့မှ အရှေ့ကလေလာတယ်။ အရှေ့ကလေ လာပြီးတော့မှ အနောက်ကလေ ပြန်လာတာဆိုတော့ အိမ်တွေက ပြိုတာ။ သစ်ပင်တွေလည်း ပြိုလဲကုန်တာ။ လေရော မိုးရောကျတာပါ” ဟု ကနီမြို့ ဒေသခံတစ်ဦး ဖြစ်သည့် ကိုပြည့်အောင်နိုင်က ပြောကြားသည်။

ကနီမြို့နယ်အတွင်း မေလ ၆ ရက် ညနေပိုင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း မေလ ၅ ရက်နေ့ ညနေပိုင်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ကနီမြို့ပေါ်ရှိ အိမ်ခြေ ၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ထန်ပင်တက်နေသည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

မေလ ၁၄ ရက်တွင် ထပ်မံတိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် အဆောက်အဦးပေါင်း ၁၃၅ လုံး ပျက်စီးခဲ့သဖြင့် ကနီမြို့နယ်အတွင်း မေလ ၁၅ ရက်တာကာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး အဆောက်အဦးပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့၍ စစ်ကိုင်းတိုင်းအတွင်း အဆိုးရွားဆုံး လေပြင်းဒဏ်ခံရသည့် မြို့နယ်တစ်ခု ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရုံး မှတ်တမ်းများအရ သိရသည်။

R 20



FOLLOW US