News

POST TAGGED AS

စစ်ကိုင်း

13-May-2017

စစ်ကိုင်း
စစ်ကိုင်းတိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ရက်ပေါင်း ၄၀ ကျော် ကာလအတွင်း အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီး
ကလေး၊ မေ ၁၃

စစ်ကိုင်းတိုင်းအတွင်း ဧပြီလမှ စတင်ကာ တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ရက်ပေါင်း ၄၀ ကျော် ကာလအတွင်း အိမ်ခြေ ၂၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ညွန်ကြားရေမှူး ဦးစဝီလီဖရန့်က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃၁ မြို့နယ်တွင် ဧပြီလနှင့် မေလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၈၃ လုံး ပြိုကျပျက်စီးခဲ့ကာ အိမ် ၂၃၈၈ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သေဆုံးသူ နှစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ နှစ်ဦး ရှိခဲ့ကြောင်း ၄င်းက ပြောသည်။

“အပြင်းထန်ဆုံး ဖြစ်ပွားခဲ့တာကတော့ ကနီမြို့နဲ့ ဒီပဲယင်းမြို့မှာ ဖြစ်ပွားခဲ့တာပါ။ ဒီနှစ်ဆိုရင် အခုထိ သိန်း ၈၀၀ ကျော်ဖိုးလောက် ထောက်ပံ့မှု ပြုလုပ်ပေးထားပြီးပြီ။ ကယ်ဆယ်ရေး ပစ္စည်းတွေလဲ ပျက်စီးတဲ့ အနေအထားပေါ် မူတည်ပြီးတော့ ထောက်ပံ့မှု ပြုလုပ်ပေးထားပြီးပြီ” ဟု ညွန်ကြားရေမှူး ဦးစဝီလီဖရန့်က ပြောသည်။

ယခုနှစ် ရက်ပေါင်း ၄၀ အကြာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာရင်းသည် ၂၀၁၆ ခုနှစ် တစ်နှစ်စာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်ထက် ပိုများနေပြီး၂၀၁၆ ခုနှစ်က အိမ်ခြေ ၁၈၀၀ ကျော်သာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုသည် မေလကုန်မှသာလျင် စိတ်ချရသည့်အတွက် ပျက်စီးဆုံးရှုံးမှု ထပ်မံဖြစ်ပေါ်နိုင်သည့် အခြေအနေ ရှိနေသေးသောကြောင် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်အဆောက်အဦးများကို လေပြင်ဒဏ်ခံနိုင်စေရန် လုပ်ဆောင်သင့်ကြောင်း လေပြင်းများ တိုက်ခတ်သည့် အခါ လုံခြုံစိတ်ချရသည့် နေရာတွင် နေထိုင်သင့်ကြောင်း သစ်ပင်သစ်ကိုင်း ကျိုးကျပြိုလဲနိုင်သည့်အတွက် သစ်ပင်ကြီးများအောက်တွင် နေထိုင်မှု မလုပ်သင့်ကြောင်း ဦးစဝီလီဖရန့်က ဆိုသည်။

(ပုံစာ - ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေအိမ်များ  ပျက်စီးသည်ကို တွေ့မြင်ရစဉ်။)

ဓာတ်ပုံ - ကိုဇေလတ် 
R 20



FOLLOW US