News

POST TAGGED AS

စစ်ကိုင်း

06-May-2017

စစ်ကိုင်း
စစ်ကိုင်းတိုင်းအတွင်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် လူ ၂ ဦး သေဆုံး၊ အိမ်ခြေ ၃၀၀ ကျော် ပျက်စီး
ကလေး၊ မေ ၆

စစ်ကိုင်းတိုင်းအတွင်း တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် လူ ၂ ဦး သေဆုံးကာ အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စစ်ကိုင်းတိုင်း ညွန်ကြားရေမှူး ဦးစဝီလီဖရန့်က ပြောသည်။

မေလ ၅ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်မှ စတင်ကာ တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်း အတွင်းရှိ ခန္တီးမြို့တွင် လူနေအိမ် ၁ လုံး ပြိုကျခဲ့ကြောင်း၊ ဟုမ္မလင်းမြို့တွင် အိမ်ခြေ ၅၀ ကျော် အမိုးလန်ပျက်စီးပြီး ရှစ်နှစ်အရွယ် ယောင်္ကျာတစ်ဦး သစ်ပင်ပိ၍ သေဆုံးခဲ့ကြောင်း ဟုမ္မလင်းမြို့အတွင်း စာရင်းအသေးစိတ်ကို စုံစမ်းမှု ပြုလုပ်နေကြောင်း ၎င်းက ဆိုသည်။

ဒီပဲယင်းမြို့တွင် လူ ၂ ဦး ဒဏ်ရာရကာ အိမ်ခြေ ၂၂ လုံး ပြိုကျခဲ့ပြီး အိမ် ၇၄ လုံး ဘုန်းကြီးကျောင်း ၅ ကျောင်းနှင့် စာသင်ကျောင်း ၃ ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်း၊ ဘုတလင်မြို့တွင် နေအိမ် ၆ လုံး အမိုးလန်ခဲ့ကြောင်း၊ ကနီမြို့တွင် အိမ်ခြေ ၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ထန်ပင်တက်နေသည့် အသက် ၃၀ အရွယ် လူတစ်ဦး ထန်းပင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ဦးစဝီလီဖရန့်က ပြောကြားသည်။

ကောလင်းမြို့တွင် အိမ် ၁ လုံး ပြိုကာ အိမ် (၁၁) လုံး အမိုးလန်ခဲ့ကြောင်း၊ ဗန်မော်မြို့တွင် နေအိမ် (၁၉) လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း အမိုးလန်ခဲ့ကြောင်း၊ ပင်လယ်ဘူးမြို့တွင် နေအိမ် (၃) လုံး အမိုးလန်ခဲ့ကြောင်း၊ ဝန်းသိုမြို့တွင် နေအိမ် ၃ လုံး အမိုးလန်ခဲ့ကြောင်း၊ အင်းတော်မြို့တွင် နေအိမ် ၇၂ လုံး အမိုးလန်ခဲ့ကြောင်း၊ ရွှေဘိုမြို့နယ်အတွင်း နေအိမ် နေအိမ် (၄)လုံးပြိုပြီး ၄၉ လုံး အမိုးလန်ခဲ့ကြောင်း ပျက်စီးဆုံးရှုံးမှု စုစုပေါင်း အိမ်ခြေ ၃၁၇ လုံး လူ ၃ ဦး ဒဏ်ရာရ ၂ ဦး သေဆုံးခဲ့ကြောင်း ၄င်းက ထပ်လောင်းပြောဆိုသည်။

“မနေ့က ကလေးတွေက တောထဲမှာ အသီးအရွက် ခူးသွားကြတာ။ အဲ့တာ လေတွေတိုက် မိုးတွေရွာတော့ ကလေးသုံးလေးယောက်က သစ်ပင်အောက် ဝင်နေကြတာမှာ ကလေးတစ်ယောက်က သစ်ပင်ပိပြီး သေဆုံးခဲ့တာပါ။ ကလေးနှစ်ယောက်လဲ ဒဏ်ရာရလို့ ဆေးရုံကို တင်ပို့ပေးပြီး ကုသမှု လုပ်ထားပါတယ်” ဟု ဟုမ္မလင်းမြို့နယ် ထိန်ကုန်ကျေးရွာတွင် နေထိုင်သူ ကိုမျိုးက ပြောသည်။

မေလ ၅ ရက်နေ့က တိုက်ခတ်ခဲ့သည့် လေပြင်းသည် အိမ်ကြီးများကိုပါ ပျက်စီးမှု ဖြစ်ပေါ်စေပြီး ဓာတ်တိုင်များလဲခြင်း သစ်ပင်ကြီးများ လဲခြင်းကြောင့် လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ မှ ၄၀ အတွင်း ရှိနိုင်ကြောင်း ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်ကို အစဉ်မပြတ် နားစွင့်ပြီး နေထိုင်ကြပါက အသက်အန္တရာယ် ထိခိုက်မှုကို ကာကွယ်နိုင်မည် ဖြစ်ကြောင်း လေပြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များ သေဆုံးခဲ့သူများကို လူကယ်ပြန်ဌာနမှ ထောက်ပံ့မှု ပြုလုပ်မည် ဖြစ်ကြောင်း ညွန်ကြားရေမှူး ဦးစဝီလီဖရန့်က ပြောသည်။

ဓာတ်ပုံ - ဇေလတ်
R 20 



FOLLOW US