News

POST TAGGED AS

စစ်ကိုင်း

19-Mar-2017

စစ်ကိုင်း
စည်ပင်တူးဖော်ခဲ့သည့် ရေတွင်းနှင့် ရေကန်များ အရည်အသွေးမမီ၍ အရေးယူမည်
မုံရွာ၊ မတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် သုံးနှစ်တာကာလအတွင်း တိုင်းအစိုးရ၏ စီမံမှုဖြင့် ရေနက်တွင်းများနှင့် ရေကန်များ တူးဖော်ပေးခဲ့ရာ လက်ရှိတွင် သုံးစွဲမရ ဖြစ်နေသည့်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့ကို အရေးယူမည် ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။

မတ်လ ၁၇ ရက်နေ့က ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ဝက်လက်မြို့နယ် အမှတ် ၁၊ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းက ရေနက်တွင်း ၁၄ တွင်းနှင့် မြေသားကန်ကိုးခုမှာ သုံးစွဲ၍ မရသည့်အပေါ် မေးမြန်းရာတွင် ဝန်ကြီးက ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

“၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျေးလက်ဦးစီးဌာနက တင်ဒါခေါ်ပေမယ့် လုပ်မယ့်သူ မရှိလို့ တိုင်းအစိုးရ တာဝန်ပေးချက်အရ မြို့နယ်စည်ပင်သာယာရေး ကော်မတီက လုပ်ငန်းဆောင်ရွက်ပေးခဲ့တယ်။ စစ်ဆေးမှု မရှိတဲ့ မြို့နယ်ဦးစီးမှူးနဲ့ တာဝန်ခံ အင်ဂျင်နီယာကို ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနဲ့ အရေးယူသွားမယ်” ဟု ဝန်ကြီး ဦးမြင့်ကြည်က ဆိုသည်။

ဝက်လက်မြို့နယ်တွင် ၂၀၁၄ ခုနှစ် မှ ၂၀၁၆ ခုနှစ်အထိ ရေရရှိရေးအတွက် စည်ပင်သာယာရေးကော်မတီက ရေတွင်း၊ ရေကန်များ တူးဖော်ပေးခဲ့သော်လည်း အချို့စက်ရေတွင်းများမှာ ရေထွက်နည်းခြင်း၊ ထိန်းသိမ်းသူမရှိ၍ ပျက်စီးခြင်းနှင့် အရည်အသွေး မမီသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

R-08



FOLLOW US