News

POST TAGGED AS

စစ်ကိုင်း

နစ်မြုပ်အမြန်ရေယာဉ်ကို ဆယ်ယူပြီးစီး၊ ရုပ်အလောင်း ၇၂ လောင်း ဆယ်ယူရရှိထားဟုဆို

စစ်ကိုင်းတိုင်း ကနီမြို့အနီး ချင်းတွင်းမြစ်အတွင်း နစ်မြုပ်ခဲ့သည့် အမြန်ရေယာဉ်အား ယနေ့(အောက်တိုဘာ ၂၀ ရက်)မွန်းတည့် ၁၂ နာရီက အပြီးသတ်ဆယ်ယူရရှိခဲ့ပြီး ရေယာဉ်ရှိ အလုံပိတ်အခန်းများနှင့် ထိုင်ခုံအောက်များအတွင်းမှ ရုပ်အလောင်း ၁၂ လောင်း ဆယ်ယူရရှိခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ရာမှ ရုပ်အလောင်း ၇၂ လောင်းအထိ ဆယ်ယူရရှိခဲ့ပြီ ဖြစ်သည်ဟု ကနီမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီကျော်က တိမ်းမှောက်ခဲ့သည့် ခရီးသည်တင်ရေယာဉ်အား ခြောက်ရက်အကြာ ဆယ်ယူမှုအပြီး ရုပ်အလောင်း ၇၂ လောင်း ဆယ်ယူရရှိကာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သူ ၁၅၉ ဦးရှိသည်ဟု ၎င်းက ထပ်မံပြောဆိုသည်။

"ဆယ်ယူပြီးတဲ့ ရေယာဉ်ကိုတော့ ဆယ်လို့ရထားတဲ့နေရာနဲ့ အနီးဆုံးမှာ ရှိတဲ့ သဲသောင်ပြင်ဘက်ကို ဆွဲသွားမယ်။ ဒီနေ့ဆယ်ယူရရှိထားတဲ့ ရုပ်အလောင်းထဲက ပိုင်ရှင်ရှိတဲ့ အလောင်းတွေကိုတော့ သဂြုင်္ိဟ်နေပြီ။ ခြောက်ရက်ကြာပြီဆိုတော့ အလောင်းတွေကလဲ ကိုင်လို့ တွယ်လို့ ခက်သွားပြီလေ" ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

မော်တော်နစ်မြုပ်သည့်နေရာသည် ရေကြောင်းအနေအထားဖြင့် ကြည့်ပါက မမှောက်သင့်ဘဲ မှောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၀န်တင်ဆောင်မှုများခြင်းကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အမြီးဖြင့် ကမ်းပါးကို ရိုက်ကာ တိမ်းမှောက်ခဲ့ရာ တိမ်းမှောက်မှု မြန်ဆန်သည့်အတွက် ခရီးသည်များ အပြင်ထွက်ချိန်မရဘဲ မသေသင့်ဘဲ သေခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်အပေါ် မိမိအနေဖြင့် မိသားစုများနည်းတူ ၀မ်းနည်းစိတ်ထိခိုက်ရကြောင်း ကနီမြို့ ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ခေါင်းဆောင် ဦးဝင်းဇော်ခိုင်က ပြောသည်။

ယင်းအမြန်ရေယာဉ်ကို မောင်းနှင်သည့် အသက် ၄၀ အရွယ် ဦးဇော်မျိုးဝင်းအား ကနီမြို့မရဲစခန်းမှ (ပ) ၁၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄(က) အရ အမှုဖွင့်ထားကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေရာ အခင်းဖြစ်ပြီး ခြောက်ရက်ကြာသည်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း၊ အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ကနီမြို့မရဲစခန်း ရဲအုပ်အောင်အောင်က ပြောသည်။

ဓာတ်ပုံ - ထွန်းထွန်းဝင်း



FOLLOW US