News

POST TAGGED AS

စစ်ကိုင်း

ရေယာဉ်တိမ်းမှောက်ရာတွင် ပါသွားသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူများကို ပညာရေးဝန်ကြီးဌာန ထောက်ပံ့

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကနီမြို့နယ် မိချောင်းတွင်းကျေးရွာအနီး တိမ်းမှောက်ခဲ့သည့် အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်တွင်ပါသွားသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူများကို ပညာရေးဝန်ကြီးဌာက ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။

အဆိုပါအမြန်ရေယာဉ်ပေါ်တွင် ဆရာ၊ ဆရာမ ၆၄ ဦးနှင့် ကျောင်းသူခြောက်ဦးလိုက်ပါခဲ့ပြီး ယခုအခါ ဆရာ၊ ဆရာမ ၃၅ ဦးနှင့် ကျောင်းသူ တစ်ဦးသာ အသက်ရှင်လျက်ပြန်လည်တွေ့ရှိရကြောင်း၊ စုံစမ်းရရှိထားသည့်စာရင်းများအရ ဆရာမ ၂၇ ဦး၊ ဆရာ နှစ်ဦးနှင့် ကျောင်းသူ ငါးဦးကို ယမန်နေ့ညအထိ ရှာဖွေလျက်ရှိနေသေးကြောင်း သတင်းရရှိသည်ဟု ၎င်းက ရှင်းပြသည်။

“တချို့လည်းအလောင်းတွေ ပြန်ပေါ်နေပြီပြောပေမယ့် အခုထိတော့မည်သူမည်ဝါဆိုတာကို (Identification) လုပ်တုန်းပါပဲ။ ဘယ်သူ့အလောင်းဆိုတာကို မပြောနိုင်သေးဘူး။ နည်းနည်းရုပ်ပျက်နေပြီ။ ပါသွားတဲ့ ပညာရေးဝန် ထမ်းတွေထဲကမှ လတ်တလော အသက်ရှင်ကျန်တဲ့သူတွေကိုတော့ ကယ်ဆယ်ရေးအနေနဲ့ အဝတ်အစားနဲ့ ငွေ တစ်သိန်းထောက်ပံ့တာပေါ့”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူ စုစုပေါင်း ၃၄ ဦးကို ကယ်ဆယ်ရေးအဖြစ် တစ်ဦးလျှင် ငွေ ကျပ် တစ်သိန်းနှင့် အဝတ်အစားများကို ထောက်ပံ့ပေးထားကြောင်း၊ လက်ရှိတွင် ပျောက်ဆုံးနေဆဲဖြစ်နေ သူများ၏ မိသားစုများကိုလည်း ဆက်သွယ်၍ ကျပ်ငွေ သုံးသိန်းစီထောက်ပံ့ရန်လုပ်ဆောင်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

“အခုလိုဖြစ်သွားတဲ့ ကိစ္စမှာပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသူတွေအတွက် ကျွန်တော်တို့အနေနဲ့ အရမ်းဝမ်းနည်းမှုတွေ ဖြစ်ရပါတယ်။ ကာယကံရှင်တွေက ပျောက်ဆုံးနေဆဲဖြစ်တဲ့အတွက် မိသားစုတွေကိုပဲ ထောက်ပံ့ရတာဖြစ်ပါတယ်” ၎င်းက ဆိုသည်။

ယင်းအမြန်ရေယာဉ်မှာ အောက်တိုဘာ ၁၅ ရက်တွင် စစ်ကိုင်းတိုင်း ကနီမြို့အနီး ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ယင်းရေယာဉ်တိမ်းမှောက်မှုတွင် ပါသွားသူများအနက် အောက်တိုဘာ ၁၇ရက်အထိ ၁၅၉ဦးကို ကယ်ဆယ်ထားနိုင်ကြောင်း လတ်တလောအထိ အလောင်း ၃၃လောင်းကို ဆယ်ယူရရှိထားကြောင်း ကယ်ဆယ်ရေးစခန်းများမှ ကောက်ယူရရှိသည့်စာရင်းများအရသိရသည်။



FOLLOW US