News

POST TAGGED AS

စစ်ကိုင်း

အမြန်ရေယာဉ် တိမ်းမှောက်မှု သေဆုံးသူ ၃၃ ဦးအထိ မြင့်တက်
ကလေး၊ အောက်တိုဘာ ၁၇

ကနီမြို့အနီး ချင်းတွင်းမြစ်အတွင်း၌ အမြန်ရေယာဉ် တိမ်းမှောက်ခဲ့မှုတွင် အောက်တိုဘာ ၁၇ ရက် ညနေအထိ အလောင်း ၃၃ လောင်း ဆယ်ယူရရှိထားပြီးဖြစ်ကြောင်း ရေယာဉ်တိမ်းမှောက်မှု နေရာတွင် ကူညီမှုများ ပြုလုပ်ပေးနေသည့် ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

နစ်မြုပ်ခဲ့သော ရေယာဉ်ကို ကရိန်းရေယာဉ်ဖြင့် ဆယ်ယူရာတွင် ကြိုးပြတ်ကျခဲ့သောကြောင့် အောက်တိုဘာ ၁၈ ရက်နေ့မှ ဆက်လက် ဆယ်ယူမည်ဖြစ်ကာ မြုပ်နေသည့် မော်တော် ဆယ်ယူရရှိပါက သေဆုံးသူ အရေအတွက် ထပ်မံ မြင့်တက်လာဖွယ်ရှိကြောင်း ဆယ်ယူရေး လုပ်ငန်းဆောင်ရွက်နေသူများထံမှ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် အလောင်း ၄ လောင်း ဆယ်ယူ ရရှိခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၆ ရက်နေ့တွင် ၃ လောင်း ၊ အောက်တိုဘာ ၁၇ ရက်တွင် အလောင်း ၂၆လောင်းအား ဆယ်ယူခဲ့သည့်အနက် ၂၄ဦးသည် အမျိုးသမီး အလောင်းများဖြစ်ပြီး ၉ ဦးမှာ အမျိုးသားများ၏ ရုပ်အလောင်းများ ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ဆိုသည်။ 

ရေယာဉ်တိမ်းမှောက်မှုကြောင့် ရေနစ်သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများကို ပိုင်ရှင်များ သိရှိဆက်သွယ်လာစေရန် ဖေ့ဘွတ်စာမျက်နှာများမှ တဆင့် အချိန်တိုင်း ဖော်ပြပေးလျက်ရှိပြီး ဆယ်ယူရရှိထားသည့် ရုပ်အလောင်းများအား ကောင်းမွန်စွာ သဂြိုလ်နိုင်ရန် ကနီမြို့၊မုံရွာမြို့ စသည့် မြို့များမှ လူမှုရေးအသင်းအဖွဲ့များ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စာလှယ်များနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ ကူညီပေးလျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၅ နာရီ ကျော် အချိန်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်ဆင်းလာသည့် အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော်(၂) အမည်ရှိ အမြန်ရေယာဉ်သည် ကျောက်ဆောင်ကို ရှောင်တိမ်းရာမှ တိမ်းမှောက်ခဲ့ရာ မော်တော်ပေါ်တွင် လိုက်ပါလာသူများအနက် ၁၅၉ ဦး ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။



FOLLOW US