News

POST TAGGED AS

စစ်ကိုင်း

ရေယာဉ်တိမ်းမှောက်ရာမှ ရုပ်အလောင်း ၂၆ လောင်း ဆယ်ယူရရှိဟုဆို

စစ်ကိုင်းတိုင်း ကနီမြို့အနီး ချင်းတွင်းမြစ်အတွင်း၌ အောက်တိုဘာ ၁၅ ရက်က ခရီးသည်တင် အမြန်ရေယာဉ်တိမ်းမှောက်မှုတွင်ပါဝင်ခဲ့သူများထဲမှ ရုပ်အလောင်း ၂၆ လောင်းဆယ်ယူရရှိထားပြီးဖြစ်ကြောင်း အဆိုပါရေယာဉ်တိမ်းမှောက်သည့်နေရာတွင် ကူညီမှုများ ပြုလုပ်ပေးနေသည့် ကနီမြို့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် ဦးထွန်းထွန်းဝင်းက ပြောသည်။

ဆယ်ယူရရှိထားသည့် ရုပ်အလောင်းများအနက် လေးလောင်းသည် အခင်းဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၁၅ ရက်တွင် ဆယ်ယူရရှိခဲ့ခြင်းဖြစ်ပြီး ၂၂ လောင်းမှာ အခင်းဖြစ်ပြီး နှစ်ရက်မြောက်နေ့ဖြစ်သည့် ယနေ့(အောက်တိုဘာ ၁၇ ရက်)တွင် ဆယ်ယူရရှိခဲ့ခြင်းဖြစ်သည် ဟု ၎င်းက ဆိုသည်။

ဆယ်ယူရရှိထားသည့်အလောင်းများတွင် အမျိုးသားအလောင်း တစ်လောင်း၊ ကလေးငယ်အလောင်း နှစ်လောင်းနှင့် ကျန်သည့်အလောင်းများမှာ အမျိုးသမီး အလောင်းများ ဖြစ်သည်ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ရေယာဉ်တိမ်းမှောက်မှုကြောင့် ရေနစ်သေဆုံးခဲ့ရသူများ၏ ရုပ်အလောင်းများအား ပိုင်ရှင်များသိရှိဆက်သွယ်လာစေရန် ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှတစ်ဆင့် အချိန်နှင့်အမျှဖော်ပြပေးလျက်ရှိပြီး ယင်းရုပ်အလောင်းများကို ကောင်းမွန်စွာ သင်္ဂြိုဟ်နိုင်ရန် ကနီမြို့၊ မုံရွာမြို့စသည့်မြို့များမှ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်များနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ ကူညီပေးလျက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။

"မြုပ်နေတဲ့ မော်တော်ထဲမှာလဲ အလောင်းတွေ ရှိနေနိုင်သေးတယ်။ ဘာလို့လဲဆိုတော့ အထက်တန်းတွဲ အခန်းတွေထဲကနေ လိုက်ပါလာတဲ့သူတွေ ရှိနေသေးတယ်လေ။ အဲဒီ့အခန်းထဲ လိုက်တဲ့သူတွေက အပေါက်ပိတ် အိပ်ကြတာဆိုတော့ မြုပ်နေတဲ့ စက်လှေနဲ့အတူ အလောင်းတွေ ရှိနေသေးတယ်လို့ ခန့်မှန်းလို့ရတယ်။ ရေနက်တာရော ရေစီးသန်တာရောကြောင့် မြုပ်နေတဲ့ စက်လှေကတော့ ဆယ်ဖို့ တော်တော်ခက်နေတယ်" ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။

ချင်းတွင်းမြစ်အတွင်းမှ ဆယ်ယူရရှိထားသည့်အလောင်းများသည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီကျော်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်ဆင်းလာသည့် အေးငြိမ်းချမ်းသာအမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော်(၂) အမည်ရှိ ဦးဇော်မျိုးဝင်း မောင်းလာသည့် အမြန်ရေယာဉ် တိမ်းမှောက်နစ်မြုပ်ခဲ့မှုကြောင့် အသက်သေဆုံးခဲ့ရသူများ ဖြစ်ပြီး မော်တော်ပေါ်တွင်လိုက်ပါလာသူများအနက် လူဦးရေ ၁၅၇ ဦး ကို အသက် ရှင်လျက် ကယ်ဆယ်ရရှိထားပြီး ဖြစ်ကြောင်း ၄င်း၏ ပြောပြချက်အရ သိရသည်။

ယခုနစ်မြုပ်ခဲ့သည့် အေးငြိမ်းချမ်းသာအမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော်(၂) အမည်ရှိအမြန်ရေယာဉ်သည် အောက်တိုဘာ ၁၅ ရက် နံနက် ၅ နာရီကျော်က ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ စုန်ဆင်းလာခြင်းဖြစ်ပြီး ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာအနီး၌ တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါရေယာဉ်ပေါ်မှ ခရီးသည် ၁၅၉ ဦးကို အသက်ရှင်လျက်ကယ်တင်ထားပြီးဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။



FOLLOW US