News

POST TAGGED AS

စစ်ကိုင်း

ခန္တီးတံတား တည်ဆောက်ရာတွင် လယ်ယာမြေဆုံးရှုံးခဲ့သည့် တောင်သူများက နစ်နာကြေးတောင်း
ကလေး၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့၊ ချင်းတွင်းမြစ်ကူးတံတား ချဉ်းကပ်လမ်းတည်ဆောက်ရာတွင် လယ်ယာမြေများနစ်နာဆုံးရှုံးခဲ့သည့် တောင်သူများမှာ နစ်နာကြေးမရရှိသဖြင့် ခန္တီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စာတင်တောင်းဆိုထားကြောင်း တောင်းဆိုရာတွင်ပါဝင်ခဲ့သည့် ဒေါ်စိန်လှနွယ်က ပြောကြားသည်။ 

ခန္တီးမြို့နယ်၊ သာစည်ရပ်ကွက်အတွင်းနေ တောင်သူခြောက်ဦး၏ လယ်ယာစုစုပေါင်း ၁၁ ဧကသည် ၂၀၁၆ ခုနှစ်၊ တံတားချဉ်းကပ်လမ်း (ခန္တီးဘက်ခြမ်း) တည်ဆောက်ချိန်တည်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး တံတားချဉ်းကပ်လမ်းများ တည်ဆောက်ရာတွင် တောင်သူများအတွက် မြေယာလျော်ကြေးများ ပေးအပ်ခဲ့သော်လည်း ၎င်းတို့အတွက် နစ်နာကြေးမှာ ဇူလိုင်လ ၁၆ ရက် တံတားဖွင့်ပွဲလုပ်ပြီးချိန်အထိ မရရှိသေးသဖြင့် စာတင်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းက စာတင်တောင်းဆိုထားသော်လည်း ထူးခြားမှုမရှိသေး၍ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ဇူလိုင်လ ၂၁ ရက်နေ့ ခန္တီးမြို့ခရီးစဉ်အတွင် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“နစ်နာတဲ့တောင်သူတွေရဲ့ လယ်ယာမြေတွေကို အမြန်ဆုံးပြန်လည် တိုင်းတာပြီးတော့ နစ်နာကြေးတွေ ရချင်တာပေါ့”ဟု ဒေါ်စိန်လှနွယ်က ဆိုသည်။ 

တံတားစဆောက်ချိန်မှစ၍ နစ်နာဆုံးရှုံးခဲ့သည့် တောင်သူများအတွက် မြေယာသီးနှံလျော်ကြေးများပေးအပ်ခဲ့ပြီးဖြစ်ကာ ခန္တီးဘက်ခြမ်းသည် မြို့မြေအဖြစ် သိမ်းထားသည့် မြေယာများဖြစ်နေသည့်အတွက် မြေလွတ်မြေလပ်သဘောမျိုးဖြစ်ခဲ့ပြီး တောင်သူများအတွက် နစ်နာကြေးပေးအပ်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယင်းအပြင် သက်ဆိုင်ရာလယ်သမားများ အနေနှင့်လည်း လျော်ကြေးများပေးအပ်ချိန်က တင်ပြခဲ့ကြခြင်း မရှိသည့်အတွက် လျော်ကြေးပေးအပ်ချိန်တွင် တောင်သူများကို ပေးအပ်နိုင်ခဲ့ခြင်းမရှိဘဲ တင်ပြခဲ့သည့် ဆင်သေဘက်ခြမ်း ချဉ်းကပ်လမ်းဘက် တောင်သူများသာ လျော်ကြေးရရှိခဲ့ကြကြောင်း ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။ 

ထို့ပြင် သာစည်ကျေးရွာမှ ဘောလုံးကွင်းတစ်ကွင်း ချဉ်းကပ်လမ်းဖောက်ချိန်တွင် ပါသွားသဖြင့် မြေယာနစ်နာကြေးပေးအပ်ရာ၌ သာစည် (ပေါမိုင်း) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လျော်ကြေးပေးအပ်ခဲ့ကာ ယခုစာတင်တောင်းဆိုမှုနှင့် ပတ်သက်၍လည်း မြေစာရင်းဦးစီးမှူးဖြင့် တွေ့ဆုံစေကာ တံတားဖြတ်သန်းရာတွင် ၎င်းတို့ပိုင် လယ်ယာများ ပါမပါဆိုသည်ကို တိုင်းပေးရန် ပြောဆိုထားကြောင်း၊ သို့သော် မိုးဆက်တိုက်ရွာသွန်းနေသည့်အတွက် ကွင်းဆင်းတိုင်းတာရန် အခက်အခဲရှိနေ၍ ကြန့်ကြာနေရခြင်းဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

R-20



FOLLOW US