News

POST TAGGED AS

စစ်ကိုင်း

ဖောင်းပြင်မှ ကျောင်းဆရာမ အသတ်ခံရမှု မုဒိမ်းမှုဖြင့် အမှုထပ်ဖွင့်
ကလေး၊ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မူလတန်းပြ ကျောင်းဆရာမတစ်ဦး အသတ်ခံရမှု၌ မုဒိမ်းကျင့်ခံခဲ့ရသည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ကျူးလွန်သူ စိုးထက်နိုင်ကို မုဒိမ်းမှုဖြင့် ထပ်မံအမှုဖွင့်ထားကြောင်း ဖောင်းပြင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

မန်းမော်ကျေးရွာတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် မူလတန်းပြကျောင်း ဆရာမတစ်ဦးသည် မေလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်ခန့်က ပိုးစာကုန်းကျေးရွာရှိ သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမတစ်ဦးကိုကြိုရန် လေးမိုင်ခန့်ဝေးသော ခရီးကို ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်သွားရာမှ ပိုးစာကုန်းကျေးရွာမရောက်မီ လမ်းခုလတ်တွင် အသတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

ယင်းနောက် အဆိုပါအမှုကို ရဲတပ်ဖွဲ့က စုံစမ်းနေစဉ် မေလ ၂၅ ရက်နေ့က ဖားအောက်ရွာအနီး ချင်းတွင်းမြစ်အတွင်းသို့ လင်မယားနှစ်ဦး ခုန်ချပြီး သေကြောင်းကြံသည်ကို စစ်ဆေးရာမှ လင်မယားနှစ်ဦးအနက် အမျိုးသားဖြစ်သူ စိုးထက်နိုင် အသက် ၂၅ နှစ်သည် ကျောင်းဆရာမကို သတ်သည်ဟုပေါ်ပေါက်ခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့က မန်းမော်ရွာတွင်နေထိုင်သူ စိုးထက်နိုင်သည် ပိုးစာကုန်းရွာသို့ သုံးဘီးဘရိတ်ရှူးဝယ်ရန် ဆိုင်ကယ်ဖြင့် ထွက်လာခဲ့စဉ် မန်းမော်ရွာနှင့် ပိုးစာကုန်း ရွာအကြား ဆည်ချောင်းတံတားအလွန်တွင် အဆိုပါကျောင်းဆရာမကို တွေ့ရှိရာမှ သားမယားအဖြစ်ပြုကျင့်ရန် စိတ်ကူးပေါ်လာပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထွက်ဆိုထားကြောင်း ဖောင်းပြင်မြို့ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး သေဆုံးသူကို ဖောင်းပြင်မြို့ ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့သည့် ဆေးစစ်ချက်အရ မုဒိမ်းမှုကျူးလွန်သည်ဟု ပေါ်ပေါက်ခဲ့သဖြင့် ဖောင်းပြင်မြို့မရဲစခန်းက မေလ ၂၆ ရက်နေ့တွင် မူလအမှုဖွင့်ထားသည့် (ပ) ၆၅/ ၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အမှုကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖောင်းပြင်မြို့မရဲစခန်းထံမှ သိရသည်။ 

R-20



FOLLOW US