News

POST TAGGED AS

စစ်ကိုင်း

ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မဏိပူရ်မြစ်ကမ်းထိန်းနံရံ ပြန်ဆောက်မည်
ကလေး၊ မေ ၁၂ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်စည်းကျေးရွာအနီးရှိပြီး ၂၀၁၇ ခုနှစ် မိုးရာသီကာလ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် မြေထိန်းနံရံကို ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်ဖြင့် ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒုဦးစီးမှူး ဦးကျော်စိုးက ပြောကြားသည်။ 

မြောက်စည်းကျေးရွာအနီး မဏိပူရ်မြစ်ကမ်းထိန်းနံရံကို တည်ဆောက်ရန်အတွက် မေလ ၁၂ ရက်နေ့တွင် စက်ယန္တရားများရောက်ရှိနေပြီး တည်ဆောက်မည့် ကမ်းထိန်းနံရံသည် အရှည်ပေ ၈၁၀ ရှိပြီး ယခင်နှစ်က တည်ဆောက်ခဲ့ပြီး ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ကမ်းထိန်းနံရံအနီးတွင် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြစ်ကမ်းထိန်းနံရံ တည်ဆောက်မည့်အပြင် ကမ်းထိန်းနံရံအနီးတွင် အရှည်ပေ ၄၀၀၀ ကျော်ရှိ ရေလမ်းကြောင်း ဖောက်ခြင်းလုပ်ငန်းကိုပါ လုပ်ဆောင်မည်ဖြစ်ကာ အဆိုပါ လုပ်ငန်းနှစ်ခုအတွက် ကျပ်သန်း ၅၀၀ အသုံးပြုတည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းအတွက် M.I.T ကုမ္ပဏီကို တင်ဒါပေးအပ်ခဲ့ပြီး ဧပြီလမှစတင်သည့် ၆ လ ဘတ်ဂျက်ဖြင့် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။ 

ယခင်နှစ်က လုပ်ဆောင်ထားသည့် ကမ်းထိန်းနံရံမှာ အောက်ခြေ၌ သံကျင်းကြီးများထဲသို့ ကျောက်ထည့်ပြီး ယင်းအပေါ်မှ ကမ်းထိန်းနံရံကို ၇ ပေခွဲအမြင့် ကျောက်စီခြင်းဖြစ်သည်။

“ဒီနှစ်မှာ ရွာကို ကွင်းဆင်းကြည့်လိုက်တော့ နံရံအမြင့်လုပ်မယ့်အစား အောက်မှာသံကျင်းချပြီး တမံပုံစံ အစောင်းပုံစံ လုပ်မယ်ဆိုရင် တည်ငြိမ်မှုလည်း ပိုကောင်းမယ်ဆိုတော့ နံရံအမြင့်လုပ်မယ့်အစား အစောင်းပုံစံလုပ်ဖို့ ဒီဇိုင်းကိုပြန်ပြီးတော့ တွက်နေပါတယ်”ဟု တိုင်းဒုဦးစီးမှူး ဦးကျော်စိုးက ဆိုသည်။ 

မြောက်စည်းကျေးရွာအနီး မဏိပူရ်မြစ်ကမ်းထိန်းနံရံကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ ကျပ်သန်း ၁၃၉ သန်းဖြင့် အလျား ၈၄၀ ပေကို နိုင်လင်းကျော်ကုမ္ပဏီက တာဝန်ယူကာ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ တည်ဆောက်ခဲ့ပြီး တည်ဆောက်အပြီး ၄ လအကြာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ရေတိုက်စားသဖြင့် ပျက်စီးခဲ့ခြင်းကြောင့် ယခုနှစ် ၆ လ ဘတ်ဂျက်ဖြင့် ထပ်မံတည်ဆောက်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

“ရေတိုက်စားမခံရတော့ဘူးဆိုရင် ကမ်းပါးပြိုမှု ထပ်ဖြစ်မလာနိုင်တော့ဘူး။ ဒီတော့နေအိမ်ပျက်စီးမှုတွေ လယ်ယာမြေပျက်စီးမှုတွေ ဖြစ်မလာနိုင်တော့ဘူးပေါ့။ ဒီနှစ်မှာရမယ်လို့လည်း မျှော်လင့်မထားဘဲနဲ့ ကမ်းထိန်းနံရံ တည်ဆောက်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ”ဟု မြောက်စည်းကျေးရွာနေ ဦးသိန်းသန်းထွန်းက ပြောဆိုသည်။ 

R-20



FOLLOW US