News

POST TAGGED AS

စစ်ကိုင်း

စစ်ကိုင်းတွင် အမျိုးသမီးတစ်ဦး ဓားခုတ်လုယက်ခံရ
မန္တလေး၊ မေ ၂

စစ်ကိုင်းမြို့၌ မေလ ၁ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးသည် အမျိုးသမီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပိုက်ဆံအိတ်လုယက်ခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းထံမှ သိရသည်။

လုယက်ခံရသူသည် စစ်ကိုင်းမြို့မ ဈေးကြီးတွင် ကုန်စိမ်းရောင်းသည့် ဒေါ်သီတာအေးဆိုသူဖြစ်ပြီး ယင်းနေ့ည ၁၀ နာရီကျော်အချိန်က ကုန်စိမ်းရောင်းပြီးပြန်လာစဉ် ပါရမီရပ်ကွက်၊ မောနီးအင်းတည်း ခိုခန်းအနီးမှောင်ရိပ်တွင် နောက်မှကပ်လိုက်လာသည့် လူငယ်နှစ်ဦးပါသော ဆိုင်ကယ်ကကျော်တက်ကာ စက်ဘီးလက်ကိုင်တွင် ချိတ်ဆွဲထားသည့် အိတ်ကိုဆွဲယူခဲ့ကြောင်း၊ ပိုက်ဆံအိတ်ကိုပြန်လုရာ၌ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူက ဓားဟုယူဆရသောအရာဖြင့် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယင်းသို့အခုတ်ခံရသဖြင့် ညာဘက်လက် တံတောင်ဆစ်အောက်၊ ညာလက်ကောက်ဝတ်၊ ညာဘက်လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုး ပြတ်ရှဒဏ်ရာများရခဲ့ပြီး မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ဖြစ်စဉ်ကြောင့် ကျပ်တစ်သိန်းနှစ်သောင်းခန့် ဆုံးရှုံးခဲ့ကြောင်း တိုင်ကြားသူ၏ ပြောကြားချက်ကိုကိုးကား၍ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်သီတာအေး၏ညီမဖြစ်သူ ဒေါ်သင်းနွယ်က တရားလိုပြုလုပ်တိုင်ကြားသည့်အတွက် စစ်ကိုင်းမြို့ မရဲစခန်းက (ပ) ၁၉၃/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၂/၃၂၆ ဖြင့် အမှုဖွင့်ပေးထားပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းနေပြီဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-05



FOLLOW US