News

POST TAGGED AS

စစ်ကိုင်း

26-Apr-2018

စပါး စစ်ကိုင်း
ခင်ဦးတွင် စပါးဧက တစ်ထောင်ခန့် စိုက်ပျိုးချိန်နောက်ကျ
ရွှေဘို၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးလျှင် ရေပေးသည့် ကန်သာယာကန် ပြုပြင်နေသည့်အတွက် ရေပေးချိန်နောက်ကျခြင်းကြောင့် နွေစပါးစိုက်ဧက တစ်ထောင်ခန့် စိုက်ပျိုးချိန် နောက်ကျကြောင်း အဆိုပါမြို့နယ်ရှိ ဒေသခံ လယ်သမားများထံမှ သိရသည်။

ယခုနှစ်အတွင်း အခြားသီးနှံများအတွက် စိုက်ပျိုးရေကို ယခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကတည်းက ရေစတင်ပေးဝေခဲ့သော်လည်း ခင်ဦးမြို့နယ် ကန်သာယာကျေးရွာနှင့် ကန်သစ်ကျေးရွာတို့တွင် ယခုနှစ်နွေစပါး စိုက်ပျိုးရန်အတွက် ကန်သာယာကန် ပြုပြင်နေခြင်းကြောင့် မတ်လ ပထမပတ်အတွင်းမှသာ ရေစတင်ပေးခဲ့ရာ ယခုမှ စတင်စိုက်ပျိုးနေရကြောင်း ကန်သစ်ကျေးရွာ တောင်သူဦးတင်ကိုက ပြောဆိုသည်။

“နွေစပါးစိုက်ချိန်က သိပ်ပြဿနာ မရှိဘူး။ ရက် ၁၀၀ စပါးမျိုးဆိုတော့ စိုက်ချိန်နောက်ကျရင် ရိတ်သိမ်းချိန်ရောက်ရင် မိုးကြောင့် စပါးပင်နှင့် သီးနှံလေလွင့်ပျက်စီးမှု ရှိနိုင်တယ်။ တစ်ပြိုင်တည်းစိုက်၊ တစ်ပြိုင်တည်း ရိတ်သိမ်းရတဲ့အတွက် တောင်သူတွေ လုပ်သားအခက်အခဲရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ယခုနှစ်နွေစပါး စိုက်ဧက ၂ သိန်း ရှစ်သောင်းကျော် စိုက်ပျိုးရန် လျာထားပြီး ဆန်ကြမ်းအမျိုးအစားများဖြစ်သည့် ၇၄၇ နှင့် ပုလဲသွယ် စပါးအမျိုးအစားများ အဓိက စိုက်ပျိုးကြောင်း၊ နွေစပါး စိုက်ပျိုးရက်မှာ ဧပြီလကုန်အထိ စိုက်ပျိုးချိန်ရှိသည့်အတွက် လျာထားချက်ဧကထက် ပိုမိုစိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ရွှေဘိုခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ 

ထိုသို့နွေစပါး စိုက်ပျိုးချိန် နောက်ကျသည့်အတွက် ပုံမှန်ရက်အနည်းငယ် နောက်ကျသော်လည်း သီးနှံများ အောင်မြင်ဖြစ်ထွန်းမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြတ်ထွန်းက ပြောဆိုသည်။

ခင်ဦးမြို့နယ်အတွင်း ယခင်နှစ်နွေစပါးစိုက်ပျိုးရန်အတွက် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှစ၍ ပုံမှန် ရေပေးဝေလေ့ရှိကြောင်း ယင်းဒေသခံများထံမှ သိရသည်။

R-09



FOLLOW US