News

POST TAGGED AS

စစ်ကိုင်း

ရေဦးတွင် တည်ဆောက်ဆဲ ကျေးရွာရေသွယ်မြောင်းကူးတံတား ပြိုကျ


ကလေး၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မီးမောင်းကုန်းကျေးရွာအနီး ဖြတ်သန်းဖောက်လုပ်ထားသည့် ရေသွယ်မြောင်းကို ကူးလူးသွားလာရန် ကုမ္ပဏီငွေဖြင့် ကူညီတည်ဆောက်ပေးသည့် တံတားမှာ ပြိုကျပျက်စီးခဲ့သည့်အတွက် အသုံးပြု၍မရကြောင်း ရေဦးမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောကြားသည်။ 

ရွှေဂူချောင်းမှ ရေကိုဟန့်ကာ တောင်သူများ စိုက်ပျိုးရေရရှိရေးအတွက် ရေဟန့်ရေကာတာကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက တင်ဒါအောင် တည်ဆောက်နေကြောင်း၊ အဆိုပါရေဟန့် ရေကာတာ၏ ရေသွယ်မြောင်းတစ်ခု ဖောက်လုပ်ခဲ့ရာတွင် မီးမောင်းကုန်းကျေးရွာ၏ ကုန်ထုတ်လမ်းပြတ်တောက်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ 

အဆိုပါ ကျေးရွာ ကုန်ထုတ်လမ်း အသုံးပြုနိုင်ရန် ယင်းရေသွယ်မြောင်းပေါ်တွင် တံတားထိုးရန်စီစဉ်ခဲ့ပြီး ကုမ္ပဏီက ကျပ်ငါးသိန်းဖြင့် တံတားတည်ဆောက်ပေးခဲ့ရာတွင် ယင်းတံတားသည် အသုံးပြု၍မရသဖြင့် အစိုးရဘတ်ဂျက်ဖြင့် ဆက်သွယ်သွားလာ၍ရသည့် တံတားတစ်ခု ပေါ်ပေါက်လာရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

“တံတားက တည်ဆောက်ပြီး ၂၄ နာရီတောင် မကြာဘူး။ သူ့ဟာသူ ယိုင်လဲကျသွားတယ်။ ၂၁ ရက်နေ့က ဆောက်တာ ၂၂ ရက်နေ့ကျတော့ တံတားက ယိုင်လဲသွားပြီ။ အခုတော့ ကူးလို့ရတဲ့နေရာဖြစ်တဲ့ အခြားရွာတွေဘက်ကလှည့်ပြီး ခရီးအဝေးကြီးသွားနေရတာပေါ့”ဟု မီးမောင်းကုန်းကျေးရွာမှ ဒေါ်နီက ဆိုသည်။

ယင်းကြောင့် အဆိုပါနေရာတွင် ၁၅ ပေခန့်ရှည်မည့် တံတားတည်ဆောက်ရန်အတွက် ဘတ်ဂျက်ရရှိရေးမှာ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်တွင် မမီတော့သည့်အတွက် လာမည့်ဘတ်ဂျက်တွင် ရရှိတည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ရေဦးမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောကြားသည်။

R-20




FOLLOW US