News

POST TAGGED AS

စစ်ကိုင်း

ပုဂံရှေးဟောင်းဇုန်အတွင်း ဟိုတယ်တည်ဆောက်၊ စာထုတ်တားမြစ်ထားကြောင်း ရှေး/သုဆို
မန္တလေး၊ မတ် ၂၅ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာဇုန် (MZ) အတွင်း မြတ်မင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ပုဂံဒေသခံများထံမှ သိရသည်။ 

မြတ်မင်းကုမ္ပဏီက ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများ ပြုလုပ်နေသဖြင့် ၂၀၁၇ ခုနှစ် ဩဂုတ်လက ပထမအကြိမ် တားမြစ်ခဲ့ရာတွင် လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေသဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၁၄ ရက်နေ့က ဒုတိယအကြိမ် ထပ်မံတားမြစ်ခဲ့ကြောင်း၊ သို့သော် ဆက်လက်လုပ်ဆောင်နေသဖြင့် မတ်လ ၂၄ ရက်နေ့က ထပ်မံ စာထုတ်တားမြစ်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မတ်လ ၂၄ ရက်နေ့က ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာသို့သွားသော မြေနီလမ်း အနောက်ဘက် ယာမြေ ၁၉ ဧကပေါ်တွင် မြတ်မင်းကုမ္ပဏီမှ ဟိုတယ်တည်ဆောက်ရေး လုပ်သား ၂၀၀ ဦးရေခန့်ဖြင့် စက်ယန္တရားကြီးများ အသုံးပြုကာ ဟိုတယ်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းဌာနခွဲထံမှသိရသည်။

“လူနေထိုင်ဖို့သတ်မှတ်ထားတဲ့ နေရာတွေမှာ ခွင့်ပြုချက်နဲ့ဆောက်လို့ ရပါတယ်။ ဆောက်တဲ့နေရာမှာလည်း လူနေထိုင်ဖို့ အိမ်တွေပဲဖြစ်ပါတယ်။ အထပ်မြင့်အဆောက်အအုံတွေ၊ ဟိုတယ်တွေ ဆောက်ခွင့်မပြုပါဘူး။ အခုဆောက်လုပ်နေတဲ့ကုမ္ပဏီက ကျွန်တော်တို့ဆီမှာ ခွင့်ပြုချက်လာတင်ပါတယ်။ သူတို့တင်တဲ့ နေရာက လူနေထိုင်ရန်သတ်မှတ်ထားတဲ့ ဧရိယာပြင်ပဖြစ်နေတယ်။ အဲဒီနေရာက အဆောက်အအုံ လုံးဝဆောက်လို့မရဘူး။ ကျွန်တော်တို့အနေနဲ့က ခွင့်မပြုနိုင်တဲ့အတွက် လက်မခံခဲ့ပါဘူး”ဟု ဒုတိယညွှန်ကြာရေးမှူး ဦးမြင့်သန်းက ပြောဆိုသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန်အတွက် ယူနက်စကိုသို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက တင်ပြထားပြီးဖြစ်ကြောင်း၊ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာဇုန် (MZ) အတွင်း အဆောက်အအုံများ တည်ဆောက်ခြင်းသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန် ထိခိုက်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

“ကိုယ်တို့အနေနဲ့က ခွင့်ပြုချက်တွေ အကုန်ရှိထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့ စလုပ်နေတာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကျထားပြီးသားပါ။ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့လုပ်တာဖြစ်ပါတယ်”ဟု မြတ်မင်းကုမ္ပဏီ ဟိုတယ်တည်ဆောက်ရေးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးရဲထွန်းက ပြောကြားသည်။

ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများတည်ရှိရာဇုန် (MZ) ဇုန်အတွင်း ဟိုတယ်ဆောက်လုပ်နေခြင်းနှင့် ပတ်သက်ပြီး အမြန်ဆုံးရပ်တန့်ပေးရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ အငြိမ်းစားအရာရှိများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက မတ်လ ၂၄ ရက်နေ့တွင် သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းဆိုခဲ့သည်။

၁၉၈၈ ခုနှစ်က ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် သို့မဟုတ် ရှေးဟောင်းနေရာ တည်ရှိရာဇုန်အတွင်း အဆောက်အအုံတည်ဆောက်ခြင်း သို့မဟုတ် တိုးချဲ့ဆောက်လုပ်ခြင်းအတွက် ကြိုတင်ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ဦးစီးဌာနသို့ လျှောက်ထားရမည်ဟု ပြဋ္ဌာန်းထားသည်။

ပုဂံမြေအမျိုးအစားနှင့်ပတ်သက်၍ သုံးမျိုးခွဲခြား တင်ပြထားကြောင်း၊ လူနေဧရိယာ၊ ရွာဧရိယာနှင့် မြို့မဟုတ်၊ ရွာမဟုတ်သည့် ယာမြေ၊ ပလပ်မြေ၊ လွတ်လပ်မြေဟူသော အမျိုးအစားများ ပါဝင်ကြောင်း၊ မြို့မြေ၊ ရွာမြေများတွင် မြို့နှင့်လိုက်လျောညီထွေသည့် အဆောက်အအုံများ ဆောက်ခွင့်ရှိကြောင်း၊ မြို့မဟုတ်၊ ရွာမဟုတ်သည့် ယာမြေ၊ ပလပ်မြေ၊ လွတ်လပ်မြေများတွင် မည်သည့် အခိုင်အမာအဆောက်အအုံမှ ဆောက်ခွင့်ပြုမည်မဟုတ်ဟု တင်ပြထားကြောင်း ယူနက်စကိုဆိုင်ရာ မြန်မာရုံးခွဲမှ စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောကြားသည်။

“ဒါက ယူနက်စကိုကသတ်မှတ်တဲ့ စည်းကမ်းမဟုတ်ဘူး။ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ဆိုတာက သက်ဆိုင်ရာနိုင်ငံ အစိုးရတာဝန်ပါ။ မြန်မာနိုင်ငံအစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေပြီးတော့ ကမ္ဘာ့အမွေအနှစ်ဝင်ရေးအတွက် ဒီလိုမျိုး စီမံခန့်ခွဲပါမယ်ဆိုတဲ့ ကတိပြုတဲ့စာတွဲတွေကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက တင်ပြထားပြီးဖြစ်ပါတယ်။ တင်ပြထားတဲ့ မြေအမျိုးအစားသုံးမျိုးကို ဒီလိုမျိုးစီမံခန့်ခွဲးပါမယ်လို့ တင်ပြထားပြီးသား ဖြစ်ပါလျက်နဲ့ ဒီဒေသမှာ ဒီလိုမျိုးအဆောက်အအုံ အခိုင်အမာဆောက်ခွင့်မရှိတဲ့နေရာမျိုးမှာ ဒီလိုအဆောက်အအုံကြီး ပေါ်လာမယ်ဆိုရင် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စဉ်းစားကြည့်ကြပေါ့။ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။ နိုင်ငံသားတစ်ယောက်အနေနဲ့ ပုဂံရဲ့အမွေအနှစ်တွေ မပျက်စီးစေဖို့အားလုံးမှာ တာဝန်ရှိပါတယ်”ဟု ပြောဆိုသည်။ 

ယင်းသို့ MZ ဇုန်အတွင်း ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူထံ မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ဖုန်ဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းကိုင်ခြင်းမရှိခဲ့သောကြောင့် မေးမြန်းခွင့်မရခဲ့ပေ။ 

M-05



FOLLOW US