News

POST TAGGED AS

စစ်ကိုင်း

မြစ်သာမြစ်ကမ်းပါး မြေပြိုကျရာမှ အမျိုးသားတစ်ဦး သေဆုံး
ကလေး၊ မတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဖောင်းကူးကျေးရွာနှင့် ကျီကုန်းကျေးရွာအကြားရှိ မြစ်သာမြစ်ကမ်းပါး မြေထိန်းနံရံလုပ်ငန်းခွင် အပေါ်ဘက်ရှိ မြေကမ်းပါး မတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပြိုကျခဲ့ရာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။ 

ယင်းနေ့က ကျီကုန်းကျေးရွာ၊ ရေဆန်းကျွန်းဘုရားအနီး မြစ်သာမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းခွင်အပေါ်ဘက်ရှိ ကမ်းပါးပြိုကျရာ ကမ်းပါးပေါ်တွင် တင်ထားသည့် အရှည် ၁၈ ပေခန့်ရှိ သံချောင်း အချောင်း ၃၀ ခန့် ပြုတ်ကျခဲ့ပြီး ကမ်းပါးအောက်တွင် အလုပ်လုပ်နေသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦး မြေသားနှင့်သံချောင်းများ ပိမိသေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေကြောင်း ကလေးမြို့မရဲစခန်းမှ ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောကြားသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/၂၀၁၈ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းထံမှ သိရသည်။

R-20



FOLLOW US