News

POST TAGGED AS

စစ်ကိုင်း

စာရာမေတိတောင်ကို ခရီးစဉ်ဒေသသစ်တစ်ခုအဖြစ် ဖော်ဆောင်မည်
ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း ခန္တီးခရိုင်လေရှီး မြို့နယ်အနောက်ဘက်ရှိ စာရာမေတိတောင်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီထံမှ သိရသည်။

လက်ရှိမှာ စာရာမေတိကို ပြည်တွင်းက ဧည့်သည်တွေ တောင်လည်ပတ်မှု နည်းနေသေးတယ်။ ဒါကြောင့် ခရီးစဉ်တစ်ခုအနေနဲ့ အကောင်အထည်ဖော်ဖို့ အကြိုလေ့လာမှုတွေကို ရှေ့လထဲမှာ လုပ်သွားမယ်”ဟု အဆိုပါကော်မတီအဖွဲ့ဝင် ဦးသန်းဌေးက ဆိုသည်။

စာရာမေတိတောင်သည် ပေပေါင်း ခုနစ်ထောင်ခန့်အထိ ဆိုင်ကယ်ဖြင့် သွားနိုင်ပြီး တောင်တက်ခရီးစဉ်များနှင့် စွန့်စားခရီးစဉ်များဖော်ဆောင်ရန် အလားအလာရှိသည့်နေရာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စာရာမေတိတောင်သည် ပေပေါင်း တစ်သောင်းနှစ်ထောင်ခန့်မြင့်ပြီး လေရှီး၊ လဟယ်နှင့် ခန္တီးမြို့နယ်များနှင့် ဆက်စပ်နေသည့် တောင်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေအဖြစ် ဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး အာဏာပိုင်အဖွဲ့များနှင့် စတင်ဆောင်ရွက်နေကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

“လက်ရှိ စာရာမေတိက ခရီးစဉ်ဖော်ဆောင်ဖို့ အလားအလာရှိတဲ့နေရာပါ။ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေဖို့တော့ လိုတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

စာရာမေတိတောင်တွင် အိမ်ခြေ ၂၀ ဝန်းကျင်ရှိသည့် နာဂလူမျိုးများ နေထိုင်သည့်ရွာငယ်များရှိပြီး ခရီးစဉ်ဒေသအဖြစ် အကောင်အထည်ဖော်ရန် တိုင်းဒေသကြီး အစိုးရနှင့်သက်ဆိုင်သည့်အဖွဲ့အစည်းများက ဖော်ဆောင်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ကော်မတီထံမှ သိရသည်။

“စစ်ကိုင်းဒေသက ဒီနှစ်ထဲမှာ ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားမှုများလာတဲ့ ဒေသတစ်ခုပါ၊ သွားတာလည်း မြင့်တက်လာတယ်”ဟု ပြည်တွင်းခရီးသွား လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်း စစ်ကိုင်းတိုင်းအတွင်း လည်ပတ်နိုင်သည့် ခရီးသွားဇုန် ခြောက်ခုသတ်မှတ်၍ ခရီးစဉ်ငါးခုကို ရေးဆွဲကာ ခရီးသွားဝင်ရောက်မှု မြင့်တက်ရန်ဆောင်ရွက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ခေါနူးစုမ် (ဝိတိုရိယတောင်) အမျိုးသားဥယျာဉ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၂၀၁၆ ခုနှစ်က ၁၉၉၇ ဦး၊ ၂၀၁၅ ခုနှစ်အတွင်းက ၁၇၈၀ ဦးနှင့် ၂၀၁၄ ခုနှစ်အတွင်းက ၁၂၂၅ ဦး လာရောက် လည်ပတ်ခဲ့ကြောင်း မင်းတပ်ခရိုင်၊ ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

J-14



FOLLOW US