News

POST TAGGED AS

စစ်ကိုင်း

စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကို သိနိုင်ရေး ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရန်စီစဉ်
မန္တလေး၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံ အလယ်ပိုင်းကို ဖြတ်သန်းသွားသော စစ်ကိုင်းပြတ်ရွေ့ ငလျင် လှုပ်နိုင်ခြေရှိ မရှိ သိရှိနိုင်ရန် ပထမဦးဆုံးအကြိမ်အဖြစ် မတ်လအတွင်း ကောင်းကင် ဓာတ်ပုံရိုက်ကူးကာ သုတေသနပြုလုပ်နိုင်ရေး စီစဉ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

စစ်ကိုင်းပြတ်ရွေ့ အနေအထားကိုသိရှိနိုင်ရေးအတွက် မူလက ဂြိုဟ်တုဓာတ်ပုံများကို ရယူအသုံးပြုခဲ့သော်လည်း ဓာတ်ပုံ အရည်အသွေး ကျဆင်းခြင်းနှင့် အချက်အလက် တိကျမှန်ကန်မှု မရှိခြင်းတို့ ကြုံတွေ့ရကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

“ပြတ်ရွေ့က ဘယ်လောက်ရွေ့သွားသလဲ၊ ဘယ်နှကြိမ် ရွေ့သွားသလဲ၊ တစ်ကြိမ်ရွေ့ရင် ဘယ်လောက် ရွေ့သလဲ၊ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ ဘယ်လောက်ကြာသလဲ။ ဒါတွေကိုသိရင် အနာဂတ်ကာလမှာ ငလျင်လှုပ်ခဲ့ရင် ပြင်းအား ဘယ်လောက်နဲ့ လှုပ်နိုင်သလဲ၊ အနက်ဘယ်လောက်က လှုပ်တာလဲ ခန့်မှန်းနိုင်လာမယ်။ ဘူမိနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရလာမယ်။ ဒါတွေကိုမူတည်ပြီးတော့ အဆောက်အအုံတွေ ဆောက်တဲ့အခါမှာ ငလျင်ဒဏ် ခံနိုင်အောင် ထည့်သွင်း စဉ်းစားနိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။

ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်း လုပ်ငန်းများကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဌာန၊ မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ စင်ကာပူနိုင်ငံ နန့်ယန်းနည်းပညာ တက္ကသိုလ်ရှိ ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေးအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးမည့် လုပ်ငန်းစဉ်အတွက် လေယာဉ်ကို ကမ္ဘာမြေလေ့လာ စောင့်ကြည့်ရေးအဖွဲ့က စီစဉ်မည်ဖြစ်ပြီး နေပြည်တော် အနီးတစ်ဝိုက်မှ အင်းဝဒေသအထိ ကီလိုမီတာ ၂၀၀ ခန့်ကို အချိန် တစ်ပတ်ခန့်ရိုက်ကူးကာ သုတေသန ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံငလျင် ကော်မတီ၏ လုပ်ငန်း အစီအစဉ်များအရ သိရသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နှင့် စင်ကာပူနိုင်ငံ နန့်ယန်းတက္ကသိုလ်တို့ ပူးပေါင်းကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ တတိယပတ်မှ ဒီဇင်ဘာ ပထမပတ်အထိ စစ်ကိုင်းပြတ်ရွေ့၏ ရွေ့လျားနှုန်းကို GPS များဖြင့် တိုင်းတာခဲ့ဖူးသည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ တောင်ဘက် အက်ဒမန်ပင်လယ်မှ ပူတာအို မြို့ပတ်ဝန်းကျင်အထိ ကီလိုမီတာ ၁၂၀၀ ခန့် ရှည်လျားကာ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းငလျင်၊ ၁၈၉၉ ခုနှစ်တွင် အင်းဝ ငလျင်၊ ၁၉၃၀ ပြည့်နှစ်တွင် ပဲခူးငလျင်၊ ၂၀၁၂ ခုနှစ်က သပိတ်ကျင်းငလျင် စသည့် အင်အားပြင်း ငလျင်များ လှုပ်ခတ်ခဲ့ဖူးသည်။ 

M-05



FOLLOW US