News

POST TAGGED AS

စစ်ကိုင်း

လမ်းပန်းဆက်သွယ်ရေးကြောင့် တိုက်နယ်ဆေးရုံထားရှိပေးရန် ဒေသခံများ တောင်းဆို
ကလေး၊ ဇန်နဝါရီ ၁၃

အချိန်မီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သစ်ရာအိုင်ကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောကြားသည်။ 

သစ်ရာအိုင်ကျေးရွာသည် ဒီပဲယင်းမြို့နှင့် မိုင်၂၀ ကျော်အကွာတွင်တည်ရှိပြီး ကျေးရွာအုပ်စုအတွင်း အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ကျော် နေထိုင်လျက်ရှိသည်။ 

ယင်းကျေးရွာမှ မြို့ပေါ်ရှိဆေးရုံသို့ သွားရောက်ဆေးကုသမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ရွာမှဆေးရုံသို့အပို့တွင် ကြန့်ကြာကာ အချိန်မီ ဆေးကုသမှုမခံရခြင်းကြောင့် လူသေဆုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသည့်အတွက် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးရန် လိုအပ်နေခြင်းဖြစ်ကြောင်း သစ်ရာအိုင်ရွာ အုပ်ချုပ်ရေးမှူး ဦးမှတ်ခင်က ပြောကြားသည်။

“မြေနေရာလည်း အဆင်သင့်ရှိပြီးသား။ ဆေးရုံဆောက်ပေးမယ်ဆိုရင်လည်း လိုအပ်တဲ့ဆေးဝါး၊ ဆေးပစ္စည်း၊ ကိရိယာလည်း လှူဒါန်းပေးမယ့်သူတွေ ရှိပြီးသား။ ဆေးရုံဆောက်ပေးပြီး ဆရာဝန် ချထားပေးစေချင်တာ”ဟု ပြောဆိုသည်။

သစ်ရာအိုင်ရွာတွင် အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်း၊ နယ်မြေ ရဲစခန်းတစ်ခု၊ ကျေးလက်ကျန်းမာရေး ဌာနတစ်ခုရှိကာ ကျေးလက် ကျန်းမာရေးဌာနမှ တစ်ဆင့် တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန်အတွက် ၂၀၁၄ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်က တစ်ကြိမ် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြခဲ့ကြောင်း၊ သစ်ရာအိုင်ရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ပေးပါက သစ်ရာအိုင်ရွာအပါအဝင် ရွာအနီးရှိ ကျေးရွာပေါင်း ၁၁ ရွာပါ ဆေးကုသမှု ခံယူနိုင်သည့်အတွက် ယင်းသို့ တောင်းဆိုမျှော်လင့်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

သစ်ရာအိုင်ရွာအပါအဝင် ယင်းရွာအနီးအနားရှိ အခြားရွာအုပ်စုများကလည်း တိုက်နယ်ဆေးရုံတည်ဆောက်ပေးရန် တင်ပြမှုများရှိနေကြောင်း၊ ယင်းသို့ကျေးရွာများမှ တင်ပြချက်များကို သက်ဆိုင်ရာတာဝန်ရှိ ဝန်ကြီးဌာနထံ တင်ပြထားကြောင်း ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်းက ပြောဆိုသည်။

R-20



FOLLOW US