News

POST TAGGED AS

စစ်ကိုင်း

04-Jan-2018

စစ်ကိုင်း
ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ပုံတူရုပ်တု ဝန်းသိုမြို့၌ ထားမည်


ကလေး၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့တွင် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ တစ်ကိုယ်လုံးပုံတူရုပ်တု ထုလုပ်ထားရှိမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်နေသည့် အရှင်သူရိယက မိန့်ကြားသည်။

ယင်းရုပ်တုကို ဒီဇင်ဘာလ နောက်ဆုံးပတ်မှစတင်၍ မန္တလေးမြို့တွင် ထုလုပ်နေခြင်းဖြစ်ပြီး အမြင့် ပေ ၁၈ ပေ ရှိမည့် ရုပ်တုကို အင်္ဂတေဖြင့်ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ လာမည့် ဖေဖော်ဝါရီလအတွင်း ဝန်းသို့မြို့ရှိ စော်ဘွားကန်ကြီးအနီးတွင်ထားရှိရန် စီစဉ်ထားပြီး ရှမ်းနီလူငယ်အဖွဲ့ (SNYO) နှင့် ဝန်းသိုမြို့ဒေသခံများ ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၎င်းက မိန့်ဆိုသည်။

“ဝန်းသိုမြို့ရဲ့ သမိုင်းလေးကို ပြန်လည်ဖော်ထုတ်ချင်တာရယ် သမိုင်းကို မြတ်နိုးတန်ဖိုးထားတတ်လာစေဖို့ပါ”ဟု အရှင်သူရိယက မိန့်သည်။

ဝန်းသိုမြို့တွင် စော်ဘွားကြီးရုပ်တု ထားရှိပြီးပါက ရုပ်တုအနီးတွင် စော်ဘွားဟော်နန်းတော် တည်ဆောက်ပြီး စော်ဘွားကြီးလက်ထက်က အသုံးပြုခဲ့သည့် ပစ္စည်းများကို ပြတိုက်သဖွယ် ထားရှိပြသမည်ဖြစ်သည်။ 

ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် ၁၈၈၅ ခုနှစ်တွင် မန္တလေးရတနာပုံ နေပြည်တော်ကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးချိန်အထိ အင်္ဂလိပ်တို့ကို တော်လှန်တိုက်ခိုက်ခဲ့သူဖြစ်သည်။                

R-20



FOLLOW US