News

POST TAGGED AS

စစ်ကိုင်း

ရွှေအတု လိမ်လည်ပေါင်နှံသူ နှစ်ဦးကို ဖမ်းဆီး
ရွှေဘို၊ ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် ၅ မင်းရပ်ရှိ အပေါင်ဆိုင်တစ်ဆိုင်တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရွှေအတု လိမ်လည်ပေါင်နှံခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းနေ့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသည် အလေးချိန် ငါးကျပ်သားခန့်ရှိသည့် လက်ကောက်ငါးကွင်းကို ဝယ်ယူထားသည့် ဘောက်ချာစာရွက်ပြသကာ သိန်း ၃၀ ဖြင့် ပေါင်နှံလိုကြောင်းပြော၍ ဆိုင်ပိုင်ရှင်က မသင်္ကာသည့်အတွက် ပန်းထိမ်ဆရာဖြင့် မှတ်ကျောက်တင်ကြည့်ရာ အတုများဖြစ်နေကြောင်း၊ အဆိုပါဖြစ်စဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲစခန်းသို့ အကြောင်းကြားခဲ့သဖြင့် ၎င်းတို့နှစ်ဦးကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း အဆိုပါရုံးထံမှ သိရသည်။ 

ပြီးခဲ့သည့်ရက်များကလည်း ရွှေထည်များ လာရောက်ပေါင်နှံမှုရှိပြီး ယခုလာရောက်ပေါင်နှံသည့် ပစ္စည်းများနှင့် လက်ရာတူညီနေကြောင်း၊ ယင်းကြောင့် မသင်္ကာသည့်အတွက် ရဲစခန်းထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အပေါင်ဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောကြားသည်။

“မှတ်ကျောက်တိုက်တော့လည်း အပေါ်ယံက ရွှေပါတော့ အတုအစစ်ခွဲမရဘူး။ ချိုးကြည့်မှ အတုမှန်းသိရတာ။ သူတို့ကလည်း အရိပ်အခြည်ကြည့်ပြီး ကျွန်တော်တို့ မပေါင်တော့ဘူး။ ပစ္စည်းပြန် ပေးပြောတယ်။ နောက်နောင် အများလည်း အခုလို အလိမ်မခံရအောင်လို့ အမိဖမ်းလိုက်တာ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ရွှေအတု လိမ်လည်ပေါင်နှံခဲ့သူ ကျော်စိုး အသက်၂၈ နှစ်နှင့် သီရိ အသက် ၃၃ နှစ် နှစ်ဦးတို့ကို ရွှေဘိုမြို့မ စခန်းက (ပ) ၇၄၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-09



FOLLOW US