News

POST TAGGED AS

စင်ကာပူ

နှစ်ဖက်ခေါင်းဆောင်နှစ်ဦး ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးအတွက် မြောက်ကိုရီးယားသို့ အထူးသံစေလွှတ်ရန် တောင်ကိုရီးယားစီစဉ်


ဆိုးလ်၊ စက်တင်ဘာ ၁

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များအကြား ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရန် မြောက်ကိုရီးယားသို့ အထူးသံတမန်အဖွဲ့တစ်ဖွဲ့အား မကြာမီ စေလွှတ်မည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက ထုတ်ဖော်ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်ကိုရီးယားက စေလွှတ်မည့် သံတမန်အဖွဲ့အနေနှင့် ကိုရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးထူထောင်ရေးကို ဆွေးနွေးမည်ဖြစ်သလို နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုဖော်ဆောင်ရေးနှင့် ကျွန်းဆွယ်ဒေသ နျူကလီးယားလက်နက်ကင်းစင်ရေး စသည်တို့ကိုလည်း ဆွေးနွေးမည်ဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ကင်အီကွမ်က ပြောကြားသည်။ 

တောင်ကိုရီးယားဘက်က ယင်းသို့ အထူးသံတမန်အဖွဲ့ စေလွှတ်မည့်ကိစ္စကို မြောက်ကိုရီးယားနိုင်ငံဘက်က လက်ခံခဲ့သည်။ 

နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲသာ ဖြစ်မြောက်မည်ဆိုပါက တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ၂၀၀၇ နောက်ပိုင်း မြောက်ကိုရီးယားသို့ ပထမဆုံးသွားရောက်သည့် တောင်ကိုရီးယားသမ္မတတစ်ဦး ဖြစ်လာမည်ဖြစ်သည်။ 

သို့သော် တောင်နှင့် မြောက်ကိုရီး ယားနှစ်နိုင်ငံ အဆိုပါထိပ်သီးဆွေးနွေးပွဲ ကျင်းပမည့်ကိစ္စမှာ ဝါရှင်တန်နှင့် ပြုံယမ်းအကြား ဆက်ဆံရေးတင်းမာသည့် အရိပ်လက္ခဏာများ ပေါ်ထွက်လာခြင်းကြောင့် မရေရာမသေချာသည့် အခြေအနေထဲသို့ ရောက်ရှိနေသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ စတုတ္ထအကြိမ်မြောက် မြောက်ကိုရီးယားခရီးစဉ်ကို သမ္မတထရမ့်က ဖျက်သိမ်းလိုက်သည်။ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးဆိုင်ရာဆွေးနွေးမှုများ တိုးတက်ကောင်းမွန်မှုမရှိသောကြောင့် ဖျက်သိမ်းရခြင်းဖြစ်သည်ဟု ထရမ့်က ဆိုသည်။ 

သို့သော် ထရမ့်က မိမိနှင့် ဥက္ကဋ္ဌ ကင်ဂျုံအန်းတို့၏ ဆက်ဆံရေးကိုချီးမွမ်းပြောဆိုခြင်းဖြင့် ကာကွယ်ရေးဝန်ကြီး ဂျင်မက်သစ်၏ အကြံပြုချက်ကို ပယ်ချလိုက်သည်။ ဂျင်မက်သစ်က တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုအကြား စစ်ရေးလေ့ကျင့်မှုများ ပြန်လည် စတင်ကောင်း စတင်နိုင်ဖွယ်ရှိသည်ဟု အကြံပြုပြောဆိုထားသည်။ 

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာကမူ အမေရိကန်ပြည်ထောင်စုသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ပေးထားပြီးဖြစ်သော ကတိကဝတ်များကို လိုက်လံအကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်ဟု ဆက်တိုက်ဝေဖန်ခဲ့သည်။

F-01



FOLLOW US