News

POST TAGGED AS

စင်ကာပူ

ထရမ့်-ကင်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ စင်ကာပူရောက် တောင်ကိုရီးယားဂျာနယ်လစ်များကို အာဏာပိုင်များဖမ်းဆီး


စင်ကာပူ၊ ဇွန် ၉

စင်ကာပူနိုင်ငံတွင် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့၏ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ တောင်ကိုရီးယားဂျာနယ်လစ်များကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်ကိုရီးယားနိုင်ငံမှ သတင်းထောက်နှစ်ဦးသည် စင်ကာပူရှိမြောက် ကိုရီးယားသံအမတ်ကြီး၏ နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်သည်ဟူသော စွပ်စွဲချက်ဖြင့် စင်ကာပူရဲများ၏ ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်။ 

စင်ကာပူရဲတပ်ဖွဲ့အဆိုအရ ၎င်းတို့ကို မြောက်ကိုရီးယားသံအမတ်နေအိမ်က တိုင်တန်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးထိန်းသိမ်းခံရသော တောင်ကိုရီးယားဂျာနယ်လစ်နှစ်ဦးမှာ အသက် ၄၂ နှစ်နှင့် ၄၅ နှစ်အရွယ်ရှိပြီး တောင်ကိုရီးယား KBS ရုပ်သံမှ သတင်းထောက်များဖြစ်ကြသည်။ ထို့ပြင် နောက်ထပ် တောင်ကိုရီးယားသတင်းထောက်နှစ်ဦးမှာလည်း စင်ကာပူအာဏာပိုင်များ၏ စုံစမ်းမေးမြန်းခြင်းခံနေရသည်။ 

ဇွန်လ ၁၂ ရက် ဆန်တိုဆာကျွန်း၌ ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယား သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲကို သတင်းရယူမည့် ဂျာနယ်လစ်ပေါင်း ၃၀၀၀ ခန့် စင်ကာပူသို့ လာရောက်မည်ဟုခန့်မှန်းရသည်။

အခြားသတင်းများအရ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် တနင်္ဂနွေနေ (ယနေ့) တွင် စင်ကာပူသို့ ရောက်ရှိမည်ဖြစ်ပြီး ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရန် သေချာသည့် အနေအထားတွင်ရှိသည်။ 

အမေရိကန်သမ္မတထရမ့်ကလည်း အကယ်၍ စင်ကာပူထိပ်သီးဆွေးနွေးပွဲသာ အောင်မြင်စွာ ကျင်းပနိုင်မည်ဆိုပါက ကင်ဂျုံအန်းကို အိမ်ဖြူတော်သို့ လာရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း အသိပေးပြောကြားထားသည်။ 

သမ္မတဒေါ်နယ်ထရမ့်သည်လည်း တနင်္ဂနွေနေ့တွင်ပင် စင်ကာပူသို့ရောက်ရှိမည်ဖြစ်သည်။ 

CNN သတင်းဌာနကမူ ဆန်တိုဆာကျွန်းတွင် ယင်းထိပ်သီးဆွေးနွေးပွဲကိုလက်ခံ ကျင်းပမည့် အကောင်းစားဇိမ်ခံ (ကြယ်ငါးပွင့်အဆင့်ရှိ) ဟိုတယ်ကြီး၏ အတွင်းပိုင်းအနေအထားများကို ကြိုတင်ဖော်ပြလျက်ရှိပြီး ယင်းထိပ်သီးဆွေးနွေးပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီဖြစ်သည်ဟု ဆိုသည်။ 

ဤအတောအတွင်း သောကြာနေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ရုပ်ချင်းဆင်လွန်းအောင် ပြုလုပ်ထားသော ဟောင်းဝပ်အိပ်စ်ဆိုသူမှာ စင်ကာပူသို့ ရောက်ရှိလာသည်။ ဟောင်းဝပ်အိပ်စ်က စင်ကာပူသို့လာရာတွင် လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများက နှစ်နာရီခန့်ကြာအောင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟုသူ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ 

“သူတို့က ကျွန်တော့်အိတ်တွေကို အကုန်မွှေနှောက်ရှာဖွေတယ်၊ ပြီးတော့ ခုအချိန်ဟာ စင်ကာပူအတွက် အင်မတန် အကဲဆတ်တဲ့အချိန်လို့ ပြောတယ်၊ ဆန်တိုဆာကျွန်းရယ်၊ မြို့ထဲကရှန်ဂရီလာဟိုတယ်ရယ် စတဲ့နေရာတွေနဲ့ ဝေးတဲ့နေရာမှာနေဖို့ ကျွန်တော့်ကို သတိပေးတယ်”ဟု ဟောင်ကောင် (နိုင်ငံသား) ဖြစ်သူ ဟောင်းဝပ်အိပ်စ်က ဆိုသည်။  

F-01



FOLLOW US