News

POST TAGGED AS

စင်ကာပူ

ဆီးရီးယားသမ္မတအာဆတ် မြောက်ကိုရီးယားသို့သွားရောက်လည်ပတ်မည်


ဒမတ်စကတ်၊ ဇွန် ၎

ဆီးရီးယားနိုင်ငံ၏ အာဏာရှင် သမ္မတဟု သတ်မှတ်ခံထားရသူ ဘာရှာအာဆတ်သည် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် မကြာမီ အလည်အပတ်သွားရန် စီစဉ်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 

ယင်းခရီးစဉ်သည် ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်အတွက် ၂၀၁၁ ခုနှစ် အာဏာရရှိလာသည့်အချိန်မှစ၍ နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် ကြိုဆိုတည်ခင်းဧည့်ခံမှု ဖြစ်လိမ့်မည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် လတ်တလောကာလများအတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့မှုအပါအဝင် သံတမန်ဆက်ဆံရေးကောင်းများ တည်ဆောက်လျက်ရှိသည်။ လာမည့် သီတင်းပတ်တွင်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီဖြစ်သည်။ 

မြောက်ကိုရီးယား၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သော ဆီးရီးယားက သမ္မတဘာရှာအာဆတ်၏ ခရီးစဉ်နှင့်ပတ်သက်၍ တရားဝင်ကြေညာချက်တစ်စုံတရာ ထုတ်ပြန်သေးခြင်းမရှိပေ။ 

ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့သည် ဓာတုလက်နက် တီထွင်ထုတ်လုပ်မှုများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြသည်ဟု စွပ်စွဲခံထားရသည်။ သို့သော် ယင်းစွပ်စွဲချက်များ မှန်ကန်မှုမရှိဟု နှစ်နိုင်ငံစလုံးက ငြင်းဆိုထားသည်။ 

ဆီးရီးယားသမ္မတ အာဆတ် လာရောက်လည်ပတ်မည့်ကိစ္စကို မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်သော်လည်း မည်သည့်နေ့တွင် လာရောက်မည်ကို ဖော်ပြမှုမပြုပေ။ 

“ကျွန်ုပ်အနေနှင့် မြောက်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ပြီး ကင်ဂျုံအန်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်” ဟု သမ္မတအာဆတ်၏ ပြောကြားချက်ကို KCNA က ကိုးကားဖော်ပြသည်။ 

ထို့ပြင် သမ္မတအာဆတ်က ကင်ဂျုံအန်သည် ကိုရီးယားကျွန်းဆွယ် ပြန်လည်စည်းလုံးညီညွတ်ရေးကို ချွတ်ချော်မှုမရှိစေဘဲ အောင်မြင်စွာလုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ 

မြောက်ကိုရီးယားနိုင်ငံသည် ၁၉၆၆ ခုနှစ်တွင်စတင်ကာ ဆီးရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၁၉၇၃ ခုနှစ် အောက်တိုဘာလ အာရပ် - အစ္စရေးစစ်ပွဲအတွင်း ဆီးရီးယားသို့ တပ်ဖွဲ့ဝင်များနှင့် လက်နက်များ စေလွှတ်ပေးပို့ခဲ့သည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပေါက်ကြားခဲ့သော ကုလသမဂ္ဂအစီရင်ခံစာအရ မြောက်ကိုရီးယားသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဓာတုလက်နက်ပြုလုပ်နိုင်သော ပစ္စည်းများအပါအဝင် အခြားပစ္စည်းများကို အကြိမ် ၄၀ တိတိ တင်ပို့ခဲ့သည်။ 

၇ နှစ်တာကြာမြင့်လာသည့် ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရတပ်ဖွဲ့သည် ဓာတုလက်နက်များအသုံးပြုခဲ့သည်ဟု စွပ်စွဲချက်များရှိခဲ့သော်လည်း အာဆတ်က မဟုတ်မမှန်ကြောင်း ငြင်းဆိုထားသည်။

F-01



FOLLOW US