News

POST TAGGED AS

စင်ကာပူ

စင်ကာပူထိပ်သီးဆွေးနွေးပွဲအတွက် တောင်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ အမှတ်မထင်တွေ့ဆုံ၊ အမေရိကနှင့်ကာလကြာရှည် ထိပ်တိုက်တွေ့မှု အဆုံးသတ်ရန် ကင်ဂျုံအန်းမျှော်လင့်


ဆိုးလ်၊ မေ ၂၇

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် စင်ကာပူနိုင်ငံတွင် သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် နှစ်နိုင်ငံနယ်စပ်ဒေသတွင် အမှတ်မထင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

ဇွန်လ ၁၂ ရက် စင်ကာပူထိပ်သီးဆွေးနွေးပွဲအတွက် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား အပြောင်းအလဲ အချိုးအကွေ့မျိုးစုံ ဆက်တိုက်ပေါ် ပေါက်လာပြီးနောက် တောင်နှင့်မြောက် ကိုရီးယားခေါင်းဆောင်တို့ နယ်စပ်ဒေသ စစ်မက်မဖြစ်ပွားရေးဇုန်ရှိ ပန်မူဂျွန်မြို့ငယ်လေးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ 

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက သီးခြားကြေညာချက်တစ်စောင်ထုတ်ပြန်ရာတွင် “ဒေါ်နယ်ထရမ့်နှင့်ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲက ထိပ်တိုက်တွေ့ခဲ့ကြသည့် သမိုင်းကြောင်းကြီးကို အဆုံးသတ်နိုင်လိမ့်မည်ဟု ကင်ဂျုံအန်းက မျှော်လင့်လျက်ရှိသည်ဟု ဖော်ပြသည်။ 

သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့ တွေ့ဆုံမှုနှင့်ပတ်သက်သည့် သတင်းကို တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်သည်။ ယင်းတွေ့ဆုံမှုသည့် တက်လိုက်ကျလိုက်သဘောမျိုး ဖြစ်နေသည့် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးအတွက် ထူးခြားလှသည့် သံခင်းတမန်ခင်းတစ်ရပ်ကိုလည်း ဖွင့်လှစ်လိုက်ရာ ရောက်သည်။ 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားသည် ရန်ပြုလိုသည့် သဘောထားရှိသည်ဟုဆိုကာ စင်ကာပူ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က စာတစ်စောင်ရေးကာ ထုတ်ပြန်ခဲ့သည်။ သို့သော် မြောက်ကိုရီးယားအစိုးရက ၎င်းတို့ဘက်ကဆွေးနွေးပွဲကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆိုပြုလုပ်ရန် တံခါးဖွင့်ထားသည်ဟု တုံ့ပြန်ခဲ့ရာ ဒေါ်နယ်ထရမ့်က ယင်းထိပ်သီးဆွေးနွေးပွဲ ပြန်လည်အသက်ဝင်ရေးအတွက် ဆွေးနွေးရာတွင် တိုးတက်ဖြစ်ထွန်းမှုများရှိသည်ဟု ဆိုခဲ့ပြန်သည်။ 

ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ ၂၄ နာရီအတွင်း သဘောထားနှစ်ကြိမ် ပြောင်းလဲခဲ့ခြင်းလည်းဖြစ်သည်။ 

သမ္မတမွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့သည် စနေနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး စင်ကာပူထိပ်သီးဆွေးနွေးပွဲဖြစ်မြောက် ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်ဟု တောင်ကိုရီးယားအစိုးရကဆိုသည်။ 

“ပန်မူဂျွန်ကြေညာချက် အပြီးသတ်ထုတ်ပြန်ရေးနှင့် အမေရိကန်-မြောက် ကိုရီးယားထိပ်သီးဆွေးနွေးပွဲ အောင်မြင်ရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး အမြင်ချင်းဖလှယ် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်” ဟု တောင်ကိုရီးယားသမ္မတရုံးက သတင်းထုတ်ပြန်သည်။ 

မွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့သည် စနေနေ့က ၂ နာရီကြာမျှတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ကြသည်။

တောင်ကိုရီးယားအစိုးရက ထုတ်ပြန်သည့် ဓာတ်ပုံများတွင် မွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့ နယ်စပ်ဒေသ(မြောက်ကိုရီးယားဘက်တွင်) လက်ဆွဲနှုတ်ဆက်နေပုံများ ပါဝင်သည်။ 

ဤအတောအတွင်းမှာပင် အိမ်ဖြူတော်က စင်ကာပူသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီး အမေရိကန်-မြောက်ကိုရီးယား (ထရမ့်-ကင်) ထိပ်သီးဆွေးနွေးပွဲအတွင် ပြင်ဆင်စေမည်ဖြစ်သည်ဟု ဆိုသည်။ 

“ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြင်ဆင်နိုင်ဖို့ အိမ်ဖြူတော်ရှေ့ ပြေးအဖွဲ့အနေနဲ့ အစီအစဉ်အတိုင်း စင်ကာပူကို ထွက်ခွာသွားမှာပါ” ဟု အိမ်ဖြူတော်၏ ပြန်ကြားရေးအရာရှိ ဆာရာဆန်းဒါးစ်က ပြောကြားသည်။

ယမန်နှစ်က မြောက်ကိုရီးယားက အင်အားပြင်းထန်ကာ အမေရိကအထိ ရောက်ရှိအောင် ပစ်ခတ်နိုင်သည့် ဒုံးကျည်များနှင့် နျူကလီးယားဗုံးများ စမ်းသပ်နိုင်ခဲ့ပြီးနောက် ထရမ့်နှင့်ကင်ဂျုံအန်းတို့ စစ်ခင်းမည်ဟု အပြန်အလှန်ကြွေးကြော်ခဲ့ကြသည်။

F-01



FOLLOW US