News

POST TAGGED AS

စင်ကာပူ

စင်ကာပူထိပ်သီးဆွေးနွေးပွဲ ပြန်လည်အသက်ဝင်ရေးအတွက် ကြိုးပမ်းလျက်ရှိဟုထရမ့်ပြော၊ မြောက်ကိုရီးယား၏ တုံ့ပြန်မှုကို နွေးထွေးပြီး အပြုသဘောဆောင်ဟု ချီးမွမ်း


ဝါရှင်တန်၊ မေ ၂၆

ပြုံယမ်းကွန်မြူနစ်အစိုးရ၏ ရန်ငြိုးထားမှုများကြောင့် ဇွန်လ ၁၂ ရက်နေ့ စင်ကာပူတွင်ပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲကိုဖျက်သိမ်းကြောင်း ကိုယ်တိုင်ကြေညာခဲ့ပြီး နောက်တစ်နေ့တွင်ပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်းဇွန်လ ၁၂ ရက်ထိပ်သီးဆွေးနွေးပွဲ ပြန်လည်အသက်သွင်းနိုင်ရေးနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေနှင့် အလားအလာကောင်းသည့် ဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။

ဒေါ်နယ်ထရမ့်က ဆွေးနွေးပွဲဖျက်သိမ်းကြောင်း ကြေညာခဲ့မှုအပေါ် မြောက်ကိုရီးယားနိုင်ငံက အပြုသဘောဆောင်သည့် တုံ့ပြန်မှုတစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် ထရမ့်က ယင်းသို့ပြောဆိုခြင်းလည်း ဖြစ်သည်။ 

မြောက်ကိုရီးယားက အမေရိကန် ပြည်ထောင်စုနှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ဆွေးနွေးရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်ကျီဂွမ်က ဆွေးနွေးပွဲဖျက်သိမ်းသည်ဟူသော ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် အလွန်အမင်းနောင်တရစရာ ဖြစ်သည်ဟုဆိုသည်။ 

မြောက်ကိုရီးယား၏ ကြေညာချက်နှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က အပြုသဘောဆောင်သည့် ကြေညာချက်ဖြစ်ကြောင်း ထုတ်ဖော်ကာ ကြိုဆိုလိုက်သည်။ “နွေးထွေးပြီးအလားအလာကောင်းတဲ့ ကြေညာချက်ပါ”ဟု ထရမ့်ကဆိုသည်။ 

“စင်ကာပူထိပ်သီးဆွေးနွေးပွဲ ပြန်လည်အသက်သွင်းနိုင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အင်မတန်အလားအလာကောင်းတဲ့ ဆွေးနွေးပွဲတွေလုပ်နေပါတယ်၊ တကယ်လို့ ဖြစ်မယ်ဆိုရင် အဲဒီ ၁၂ ရက်နေ့၊ စင်ကာပူမှာပဲ ကျင်းပနိုင်မှာပါ၊ တကယ်လို့ လိုအပ်မယ်ဆိုရင်လည်း အဲဒီနေ့ (၁၂ ရက်)နောက်ပိုင်း ကျင်းပနိုင်မှာပါ” ဟု ထရမ့်က Twitter တွင် ဖော်ပြသည်။ 

တောင်ကိုရီးယားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူကမူ “အမေရိကန်-မြောက်ကိုရီးယား ဒိုင်ယာလော့ခ်အတွက် မျှော်လင့်ချက်တွေရှိနေဆဲပဲ ဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာအကောင်း မြင်တဲ့စိတ်နဲ့ သတိရှိရှိစောင့်ကြည့်နေပါတယ်၊ တိုးတက်ဖွံ့ဖြိုးမှုတွေကိုလည်း အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု ပြောကြားသည်။ 

ဒေါ်နယ်ထရမ့်သည် ကင်ဂျုံအန်နှင့် ပြုလုပ်မည့် ထိပ်သီးဆွေးနွေးပွဲကိုဖျက်သိမ်းကြောင်း ရုတ်ခြည်းဆိုသလိုကြေညာခဲ့သည်။ သို့သော် ယင်းကြေညာချက်အပေါ် မြောက်ကိုရီးယားက အပြုသဘောဆောင်သည့် တုံ့ပြန်မှုပြုလုပ်ခဲ့ခြင်းကြောင့် ဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယား၏ တုံ့ပြန်မှုကို အသိအမှတ်ပြုကြိုဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးပွဲအတွက် အချိန်ပြည့်တံခါးဖွင့်ထားကြောင်းနှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မျက်နှာချင်းဆိုင်ဆွေးနွေးရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယားဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းသည် စင်ကာပူထိပ်သီး ဆွေးနွေးပွဲအတွက် အလားအလာကောင်းသောအခြေအနေများကို ပြန်လည်ဖြစ်ပေါ်စေကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ဇွန်လ ၁၂ ရက်၊ စင်ကာပူတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲသည်  တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတနှင့် မြောက်ကိုရီးယား ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်လာလိမ့်မည်။

ယင်းထိပ်သီးဆွေးနွေးပွဲတွင်မည်သည့် အကြောင်းအရာများဆွေးနွေးမည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားကင်းစင်ရေးနှင့် တင်းမာမှုများ လျှော့ချရေးတို့သည် ဆွေးနွေးပွဲ၏ အဓိက အနှစ်သာရများဖြစ်လိမ့်မည်။ အမေရိကန် ပြည်ထောင်စုကမူ နျူကလီးယားလက်နက်ကို အပြီးအပိုင်ဖြုတ်သိမ်းပေးမည်ဆိုပါက မြောက်ကိုရီးယားနိုင်ငံ စီးပွားရေးတိုးတက် ကောင်းမွန်လာအောင် ပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု အသိပေးပြောဆိုထားသည်။

F-01



FOLLOW US