News

POST TAGGED AS

စင်ကာပူ

မြောက်ကိုရီးယား နျူကလီးယားဆိုက်ကို မေလအတွင်း ပိတ်ရန် စီစဉ်၊ တောင်နှင့်မြောက် စံတော်ချိန် တူညီစေရေး ပြုံယမ်းဘက်က ပြောင်းမည်


ဆိုးလ်၊ ဧပြီ ၂၉

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားစမ်းသပ်သည့် လုပ်ငန်းခွင်နေရာ (နျူကလီးယားဆိုက်) ကို လာမည့် မေလအတွင်း ပိတ်သိမ်းတော့မည်ဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ထုတ်ဖော်ပြောကြားသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်ကိုရီးယားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဆိုအရ မြောက်ကိုရီးယားရှိ ပွန်ဂျီရီ နျူကလီးယား စမ်းသပ်လုပ်ငန်းခွင်နေရာကို မေလတွင် လူသိရှင်ကြား ပိတ်မည်ဖြစ်ပြီး ယင်းနေရာပိတ်ပွဲအခမ်းအနားကို လာရောက်ကြည့်ရှုရန် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့အား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

သိပ္ပံပညာရှင်များကမူ ယင်းနျူကလီးယား စမ်းသပ်ရာနေရာ အဆောက်အအုံမှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တစ်စိတ်တစ်ပိုင်း ပြိုကျထားဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားသည်။ 

သောကြာနေ့က ကင်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ သမိုင်းဝင် တွေ့ဆုံဆွေးနွေးရာတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် သဘောတူညီမှုရရှိခဲ့ကြသည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မေလအတွင်း အဆိုပါ နျူကလီးယားစမ်းသပ်ရာနေရာကို ပိတ်ပင်မည်ဖြစ်သည်ဟု ဆိုထားကြောင်း တောင်ကိုရီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ယွန်ယောင်ချန်းက ပြောကြားသည်။ 

အဆိုပါ နျူကလီးယားဆိုက်ပိတ်သည့် အခမ်းအနားကို လာရောက်ကြည့်ရှုရန် တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ကျွမ်းကျင်သူပညာရှင်များအား ဖိတ်ကြားသွားမည်ဖြစ်သည်ဟု မစ္စတာယွန်ယောင်ချန်းက ဆိုသည်။ သို့အတွက်ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် နျူကလီးယားစမ်းသပ်သည့် နေရာနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစွာ သိရှိခွင့်ရမည်ဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ဆိုထားသည်။ 

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနှင့် ဒေသစံတော်ချိန် တူညီမှုရှိစေရန် ယင်းနိုင်ငံ၏ စံတော်ချိန်ကိုလည်း ပြောင်းလဲမည်ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရအဖွဲ့က ဆိုသည်။ လက်ရှိအနေအထားတွင် တောင်နှင့်မြောက် ကိုရီးယားတို့၏ ဒေသစံတော်ချိန်များမှာ နာရီဝက်မျှကွာခြားလျက်ရှိသည်။ 

သို့သော် ယခုလို တောင်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောဆိုသည့် အရေးကိစ္စများနှင့်ပတ်သက်၍ မြောက်ကိုရီးယားက အတည်ပြုပြောဆိုမှု တစ်စုံတစ်ရာ မပြုလုပ်သေးပေ။ 

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစတင်ကာ နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်တိတိ ပြုလုပ်ခဲ့သည်။ လေ့လာစောင့်ကြည့်သူအများစုကမူ မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို အမှန်တကယ် စွန့်လွှတ်နိုင်ပါမည်လောဟု သံသယဝင်လျက်ရှိသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ ကင်ဂျုံအန်းက “တချို့တွေက ပြောကြတယ်၊ ကျွန်တော်တို့ဟာ လည်ပတ်မှုမရှိတော့တဲ့ နျူကလီးယားဆိုက်တွေကို ပိတ်ဖို့လုပ်နေတာတဲ့၊ ခင်ဗျားတို့တွေ့မြင်လာရမှာပါ၊ အဲဒီနျူကလီးယားဆိုက်တွေဟာ ပျက်စီးနေတဲ့အရာတွေမဟုတ်ဘဲ ကောင်းမွန်မှု ရှိနေတယ်ဆိုတာကို မြင်လာကြရမှာပါ”ဟု ထုတ်ဖော်ပြောဆိုထားကြောင်း မစ္စတာယွန်ယောင်ချန်းက ပြန်လည်ကိုးကားပြောဆိုသည်။  

F-01



FOLLOW US