News

POST TAGGED AS

စခန်းမှူး

ရသေ့တောင်မြို့နယ် စခန်းမှူး သေနတ်ပစ်ခံရ၍ သေဆုံး
စစ်တွေ၊ ဧပြီ ၁၈ 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ခေတ္တစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်သော ရဲအုပ်က ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးမှု သွားရောက်ဖမ်းဆီးရာ လက်နက်ကိုင်အဖွဲ့ တစ်ခုက သေနတ်ဖြင့်ပစ်ခတ်ရာမှ သေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲအုပ်သိန်းရွှေက ရဲဒုတပ်ကြပ်ဝင်းတင်နှင့် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်စိုးနိုင်ထွန်းတို့ကို ခေါ်ယူပြီးသွားစဉ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာနှင့် ရေခေါင်းချောင်းကျေးရွာကြားတွင် လက်နက်ကိုင်များ၏ သေနတ်ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းကို သေနတ်ထိမှန်ကာ သေဆုံးခဲ့ကြောင်း ရသေ့တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဦးက ပြောသည်။

ထိုသို့ ပစ်ခတ်ခံရခြင်းကြောင့် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်စိုးနိုင်ထွန်းသည် နောက်ပြန်ဆုတ်ခဲ့ပြီး ဖြစ်စဉ်ကို ကျောက်တန်းရဲစခန်းသို့ ဖုန်းဆက်ကာ သတင်းပို့ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

“ဘယ်အဖွဲ့က ပစ်သတ်ခဲ့လဲဆိုတာ အခု ပြောလို့မရသေးဘူး။ နဖူးကို အပစ်ခံရတာပေါ့။ အဲဒီဒဏ်ရာ တစ်ချက်ပေါ့။ သေနတ်အမျိုးအစားတို့ကို စိစစ်တုန်းပဲရှိသေးတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။ 

လတ်တလောတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး သေဆုံးခဲ့သော ရဲအုပ်ကို ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းက ရသေ့တောင် သင်္ချိုင်းတွင် သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

သေဆုံးသူသည် တရားစွဲဆိုခံထားရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ စာပေဟောပြောပွဲမှ အသံဖိုင်ကို မြန်မာဘာသာပြန်ဆိုသူဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်တို့၏ အမှုတွင် အဓိက တရားလိုပြ သက်သေတစ်ဦးလည်းဖြစ်ကြောင်း ဒေါက်တာအေးမောင်၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။

R-22




FOLLOW US