News

POST TAGGED AS

စက်ရုံ

ဓာတုပစ္စည်း တင်သွင်းတင်ပို့လုပ်ငန်းများ လုပ်ငန်းလိုင်စင် စလျှောက်ရမည်
ရန်ကုန်၊ မေ ၉

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်း၊ ပြည်ပမှ တင်သွင်း၊ တင်ပို့သည့် လုပ်ငန်းများအနေနှင့် ၂၀၁၈ ခုနှစ် မေလမှစတင်၍ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ စတင်လျှောက်ထားရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနထံမှ သိရသည်။ 

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ၂၀၁၆ ခုနှစ်မှသာ ဖွဲ့စည်းနိုင်သောကြောင့် လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စေရန်အတွက် လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ လျှောက်ထားစရာမလိုဘဲ တင်သွင်း၊ တင်ပို့ခြင်းအတွက် ထောက်ခံချက်များကို အခမဲ့ထုတ်ပေးခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

“လိုင်စင်တွေက အခုမှစပေးတာပါ။ စီးပွား/ကူးသန်းကိုပေးရတဲ့ တင်သွင်း၊ တင်ပို့လိုင်စင် ထောက်ခံချက်ကတော့ အခမဲ့ပဲ။ ဒါပေမဲ့ ထောက်ခံချက်မထုတ်ပေးခင်မှာ လုပ်ငန်းလိုင်စင်နဲ့ မှတ်ပုံတင်လျှောက်ရမယ်။ လုပ်ငန်းလိုင်စင်နဲ့ မှတ်ပုံတင်လက်မှတ်လျှောက်မှ ထောက်ခံချက်ရမှာပါ။ အရင်ကတော့ ဥပဒေက အကောင်အထည်ဖော်ရတာ နောက်ကျတဲ့အတွက် မျက်စိ မှိတ်ပြီးပေးနေတာ”ဟု စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်က ပြောကြားသည်။ 

လုပ်ငန်းလိုင်စင်များ လျှောက်ထားရာတွင် လိုင်စင်တစ်မျိုးလျှင် ကျပ်တစ်သိန်းဖြစ်ပြီး ကုန်ပစ္စည်းမှတ်ပုံတင်လက်မှတ် ၁၀ မျိုးလျှင် ကျပ်ငါးသောင်းဖြစ်ကာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်သက်တမ်းကာလမှာ ၂ နှစ်ဖြစ်ကြောင်း စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနထံမှ သိရသည်။

“ရွှေတူးတဲ့သူတွေကတော့ ဓာတုပစ္စည်းလိုင်စင်ကို အရင်ကတည်းက လာလျှောက်ကြတယ်။ ဓာတုပစ္စည်းကို တကယ်သုံးတဲ့သူတွေက လာမလျှောက်ကြလို့ လုပ်တာပါ။ ဥပဒေ၊ နည်းဥပဒေအရဆို လျှောက်ရမှာ။ ဒီလိုလျှောက်ခိုင်းလိုက်တဲ့အတွက် အစိုးရအနေနဲ့လည်း ဓာတုပစ္စည်းတွေကို စီမံခန့်ခွဲရတာ ပိုကောင်းသွားတာပေါ့”ဟု ဒေါက်တာအောင်မြင့်က ဆက်လက် ပြောဆိုသည်။ 

လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၊ ဗဟိုကြီးကြပ်ရေးအဖွဲ့တွင် စတင်လျှောက်ထားနိုင်ပြီး တင်သွင်း၊ တင်ပို့ထောက်ခံချက်မထုတ်ယူမီ လုပ်ငန်း လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်များ ဦးစွာလျှောက်ထားရမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။ 

J-11



FOLLOW US