News

POST TAGGED AS

စက်ရုံ

မြောင်းမြကြိုးတံတား သံမဏိကြိုးများ ဆွေးမြည့်ပြီး ကြိုးပြတ်ဟု ဆောက်လုပ်ရေးထုတ်ပြန်
ရန်ကုန်၊ ဧပြီ ၎

မြောင်းမြကြိုးတံတား ကျိုးကျပျက်စီးခြင်းနှင့်ပတ်သက်၍ ကွန်ကရစ်ကြိုးထိန်းခုံ၏ အတွင်းပိုင်း ကွန်ကရစ်ထဲတွင် ထည့်၍မြှုပ်နှံထားသော သံမဏိကြိုးများ ဆွေးမြည့်ကာ ကြိုးပြတ်သဖြင့် တံတားကျိုးကျ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ သက်တမ်း ၂၁ နှစ်ကျော်ရှိပြီဖြစ်သည့် မြောင်းမြမြို့အဝင် မြစ်ကူးကြိုးတံတားမှာ ဧပြီ ၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်က ကျိုးကျပျက်စီးခဲ့ပြီး ၃ ရက်အကြာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများအနေနှင့် လက်ရှိ အသုံးပြုလျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ ကြိုးတံတား ၂၉ စင်းကို စိုးရိမ်မှုမရှိကြပါရန်နှင့် အဆိုပါတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြကြိုးတံတားသည် ၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်အသုံးပြုခဲ့ပြီး ယခုအခါ တံတားသက်တမ်းမှာ ၂၂ နှစ်ခန့်ရှိပြီးဖြစ်ကြောင်းနှင့် ဧပြီ ၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်က ၁၆ တန်၊ ၆ ဘီးကုန်တင်ကားတစ်စီး ဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ တံတားတည်ဆောက်စဉ်ကပင် တန်ချိန် ၈၅၀၀ အလေးချိန်ရှိသော ကွန်ကရစ်ကြိုးထိန်းခုံ နိမ့်ကျမှုဖြစ်စဉ်ရှိခဲ့၍ ပြန်လည်ပြင်ဆင်ခဲ့ရသော တံတားဖြစ်ပြီး မြောင်းမြဘက်ကမ်းရှိ ကွန်ကရစ် ကြိုးထိန်းခုံနိမ့်ကျမှုဖြစ်စဉ်ကြောင့် တာဝါတိုင်သည် မြစ်၏ဆန့်ကျင်ဘက်သို့ ၁၁ လက်မ စောင်းရမည့်အစား မြစ်ဘက်သို့ ၇လက်မ စောင်းနေ၍ တံတားတည်ဆောက် ပြီးစီးချိန်ကစ၍ နှစ်စဉ်စောင့်ကြည့် စစ်ဆေးခဲ့ရကြောင်းနှင့် တံတားသက်တမ်း နှစ် ၂၀ ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ်မှစ၍ လစဉ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး တံတားကို စစ်ဆေးရာတွင် တံတားကြမ်းခင်းများ၊ မူလီများ၊ Expansion Joint များ၊ Suspender များ မကောင်းလျှင် လဲလှယ်မှုများ ချက်ချင်းပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ လက်ရှိ ကြိုးတံတားနှင့်အပြိုင် တံတားအသစ် တစ်စင်းကို ဂျပန်အင်ဂျင်နီယာပညာရှင်များနှင့် ပူးပေါင်း၍ ဂျပန်နည်းပညာဖြင့် တံတားအသစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ချိန်ကာလ တစ်နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး တံတားအသစ်သည် နည်းပညာအရ တည်ဆောက်ချိန် သုံးနှစ်ခန့်ကြာမြင့်မည် ဖြစ်သောကြောင့် ယခုအခါ လမ်းပန်းဆက်သွယ်မှုအခြေအနေအရ တံတားအသစ်တစ်စင်း အမြန်လိုအပ်နေပြီဖြစ်၍ တံတားအသစ်ကို တစ်နှစ်အတွင်း ပြီးစီးအောင် တံတားအမျိုးအစား ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများအား နှစ်စဉ် တစ်နှစ်လျှင် နှစ်ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကြိုးတံတားများမှာ မြောင်းမြတံတား အပါအဝင် စုစုပေါင်း အစင်း ၃၀ ရှိပြီး အဆိုပါကြိုးတံတားများကို ယခုကဲ့သို့ဖြစ်စဉ်မျိုး မဖြစ်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အသေးစိတ်စစ်ဆေးမှုများကို ချက်ချင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကြိုးတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဂျပန်အင်ဂျင်နီယာပညာရှင်များနှင့် လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးအစီအစဉ်ဖြင့် တရုတ်အင်ဂျင်နီယာပညာရှင်များနှင့် လည်းကောင်း အတူပူးပေါင်းပြီး တံတားများ၏ ကြံ့ခိုင်ရေးအခြေအနေများအား စစ်ဆေးသွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ နေပြည်တော်ဆောက်လုပ်ရေးဝန်ကြီး တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းဆက်သွယ်၍ မရခဲ့ပေ။

မြောင်းမြ ကြိုးတံတား ကျိုးကျမှုဖြစ်စဉ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် အသက်ဆုံးရှုံးသွားကြသော ယာဉ်မောင်း ဦးမဲကြီး (ခ) ဦးသန့်ဇော်ထိုက်၊ ယာဉ်နောက်လိုက် ကိုဂျူးဂျူး (ခ) ကိုဝင်းထိုက်အောင်တို့၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်းနှင့် လိုအပ်သောကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 
 
J-10



FOLLOW US