News

POST TAGGED AS

စက်လှေ

လူ ၃၀ သေဆုံးခဲ့သော ငဝန်မြစ်အတွင်း စက်လှေတိုက်မှု တွဲသင်္ဘောမောင်းသူကို ထောင်တစ်နှစ်နှင့် ခြောက်လချမှတ်
ပုသိမ်၊ ဇန်နဝါရီ ၂၉ 

ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ ငဝန်မြစ်ထဲတွင် စက်လှေတိုက်မှုကြောင့် လူ ၃၀ သေဆုံးခဲ့မှုနှင့်ပတ်သက်၍ တွဲသင်္ဘောမောင်းသူ ဦးအောင်ကိုကို ဇန်နဝါရီလ ၂၆ ရက်က ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ အမိန့်ချမှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ်တရားရုံးထံမှ သိရသည်။ 

အဆိုပါအမှုနှင့် ပတ်သက်၍ စက်လှေမောင်းသူနှင့် တွဲသင်္ဘောမောင်းသူတို့ကို တရားစွဲဆိုခဲ့ကြောင်း၊ စက်လှေမောင်းသူ၏ ပေါ့လျော့မှုကြောင့် တိုက်မှုဖြစ်ပွားခဲ့တာ ပေါ်လွင်နေသဖြင့် ထိရောက်သော ပြစ်ဒဏ်ပေးသင့်သော်လည်း စက်လှေမောင်းသူမှာ လှေမှောက်စဉ်တွင် သေဆုံးခဲ့ကြောင်း၊ တွဲသင်္ဘောမောင်းသူမှာ သတိထားမောင်းနှင်သည်ဟု ဆိုသော်လည်း တွဲသင်္ဘောတွင် ခန့်ထားရမည့် လုပ်သားအပြည့်အစုံ ခန့်ထားခြင်းမရှိခြင်း၊ သင်္ဘောတွင် တပ်ဆင်ထားရမည့် အချက်ပြမီးများ ပြည့်စုံစွာ ထွန်းညှိထားခြင်းမရှိခြင်းတို့ကြောင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် တရားသူကြီး ဦးဝင်းအောင်က ရှင်းပြသည်။

အဆိုပါစက်လှေတိုက်ကာ နစ်မြုပ်မှုအတွက် တွဲသင်္ဘောမောင်းသူ ဦးအောင်ကိုကို ရာဇသတ်ကြီး ပုဒ်မ-၂၈၀၊ ၃၀၄-က၊ ၃၃၈ ဖြင့် လည်းကောင်း၊ စက်လှေမောင်းသူ ကိုသီဟအောင်ကို ရာဇသတ်ကြီး ပုဒ်မ-၂၈၀၊ ၃၀၄-က၊ ၃၃၈ ဖြင့်လည်းကောင်း ပုသိမ်မြို့နယ် တရားရုံးတွင် ၂၀၁၇ ခုနှစ် မေလ ၂၉ ရက်က စတင်စစ်ဆေးခဲ့သည်။ 

စက်လှေမောင်းကို စွဲဆိုထားသောအမှုတွင် တရားရင်ဆိုင်နေရသူ ကိုသီဟအောင်မှာ စက်လှေတွင် ကြိုးချည်ရေပက်လုပ်ရသည့် အကူလုပ်သားဖြစ်နေသဖြင့် စွဲချက်မတင်မီ အမှုမှလွှတ်ခဲ့ကြောင်း ပုသိမ်မြို့နယ်တရားရုံးထံမှ သိရသည်။

အဆိုပါအမှုတွင် သက်သေ ၄၂ ဦး တင်ပြခဲ့ရာ သက်သေများအနက် ငပုတော၊ သာပေါင်း၊ ရေစကြိုမြို့နယ်အထိ ပါဝင်ကြောင်း၊ သက်သေများမှာ အခြားမြို့နယ်များမှ ဖြစ်သောကြောင့် သမ္ဗာန်စာ အတည်မဖြစ်သဖြင့် ရုံးချိန်း မလာရောက်နိုင်သည်များလည်း ရှိခဲ့ကြောင်း၊ ထို့ကြောင့် အမှုမှ တရားလို အမှုစစ်ရဲအရာရှိနှင့် အဓိကသက်သေ ၁၄ ဦးကို စစ်ဆေးပြီးနောက် အမိန့်ချမှတ်ခဲ့ကြောင်း အကျိုးဆောင်ရှေ့နေ တစ်ဦးက ပြောဆိုသည်။ 

၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ ရက် ည ၇ နာရီခန့်က ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကျောက်တင် တွဲသင်္ဘော၊ နဒီရွှေစင်နှင့် ပုသိမ်မြို့ မင်္ဂလာဆောင်မှ ပြန်လာသည့် ငပုတောမြို့နယ်မှ ရခိုင်ကုန်းရွာသားများ စီးနင်းလာသော ငွေကြယ်ပွင့်စက်လှေတို့ တိုက်မိခဲ့ရာ စက်လှေနစ်မြုပ်ခဲ့ပြီး လူ ၃၀ ဦး သေဆုံးခဲ့ကာ ၃၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

R-11




FOLLOW US