News

POST TAGGED AS

စက်သုံးဆီ

06-Jun-2017

စက်သုံးဆီ
စက်သုံးဆီ အရည်အသွေး မပြည့်မီပါက ရောင်းချခွင့် အမြဲတမ်း ပိတ်သိမ်းသည်အထိ အရေးယူမည်

နေပြည်တော်၊ ဇွန် ၅

စက်သုံးဆီ အရောင်းဆိုင်များတွင် အရည်အသွေး မပြည့်မီသော စက်သုံးဆီများ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက ရောင်းချခွင့်ကို ယာယီ သို့မဟုတ် အမြဲတမ်း ပိတ်သိမ်းခြင်း စသည့် လုပ်ဆောင်ချက်များဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင်များ အရည်အသွေး မပြည့်မီကြောင်း သုံးစွဲသည့် ပြည်သူမှ ပြောကြားချက်များ ရှိနေသောကြောင့် အရေးယူပေးရန် အစီအစဉ် ရှိ မရှိကို ယနေ့ (ဇွန် ၅ ရက်) ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးအေးမင်းဟန်က မေးမြန်းခဲ့ခြင်းဖြစ်ပြီး ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက လုပ်ငန်းရှင်ကုမ္ပဏီ အဖွဲ့အစည်းများ၊ ပြည်ပမှ တင်သွင်းလာသော ဆီတင်သင်္ဘောများ၏ ဆီနမူနာကို အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးပြီး သတ်မှတ်ချက် ပြည့်မီမှသာ ရောင်းချခွင့်ပေးထားကြောင်း၊ တိုင်စာများ တက်လာသော စက်သုံးဆီဆိုင်များကိုလည်း စစ်ဆေးပေးလျက်ရှိပြီး အခြင်အတွယ် သတ်မှတ်မှု စံနှုန်းမပြည့်ပါကလည်း အရေးယူလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

စက်သုံးဆီဆိုင်များ စစ်ဆေးအရေး ယူရာတွင် ၂၀၁၂-၂၀၁၃ မှ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ၆၆ ဆိုင်ကို စာဖြင့်သတိပေးခြင်း၊ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် ယာယီ ပိတ်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

တစ်နိုင်ငံလုံးတွင် စက်သုံးဆီ အရောင်းဆိုင် ၂၀၉၄ ဆိုင်ရှိသည်။

S-01



FOLLOW US