News

POST TAGGED AS

စက်သုံးဆီ

02-Apr-2017

စက်သုံးဆီ
တနိုင်းသို့ ဆန်နှင့် စက်သုံးဆီ သယ်ခွင့်ပြုရန် ကချင်လွှတ်တော် အတည်ပြု
မြစ်ကြီးနား၊ ဧပြီ ၁

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်း ယခင်က ဆန်နှင့် စက်သုံးဆီ တင်ပို့ခွင့်ကို ကန့်သတ်ထားရာမှ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ပြုရေး အရေးကြီး အဆိုကို ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မတ်လ ၃၁ နေ့က အတည်ပြုခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကစ၍ ဆန်နှင့် စက်သုံးဆီ သယ်ယူမှုများကို ယခုအထိ တားမြစ်စိစစ်နေသောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်ပေါ်နေသည်ကို တနိုင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းက အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

တနိုင်းဒေသသို့ ဆန်နှင့် စက်သုံးဆီများ လစဉ် လိုအပ်ချက်ထက် ပိုမို ဝင်ရောက်နေမှုကို ထိန်းချုပ် ဆောင်ရွက်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြည်နယ် အစိုးရအဖွဲ့ကို ညှိနှိုင်း အကြောင်းကြားလာသည့်အတွက် ယင်းသို့ စိစစ်ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောကြားသည်။

မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ကချင်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးအနက် ၄၂ ဦးက ထောက်ခံသည့်အတွက် ယင်းအရေးကြီး အဆိုကို လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 

ကချင်ပြည်နယ် တနိုင်းဒေသ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ ပန်ဆောင်စသည့် ဒေသများသည် လီဒိုလမ်းမကြီးတစ်လျှောက် မြစ်ကြီးနား-တနိုင်း- ပန်ဆောင် လမ်းကြောင်းကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေရသည်။ 

မြစ်ကြီးနားမှ တနိုင်းဒေသသို့ ဆန်နှင့် ဆီတင်ကားများ တင်ပို့နေမှုကို ဒွန်ဘန် တပ်စခန်းမှ တင်ဆောင်ခွင့် တားမြစ်ထားသည်မှာ လေးလကျော်ခန့် ရှိနေပြီဖြစ်သည်။

ယင်သို့ စက်သုံးဆီ ယာဉ်များကို တားမြစ် ကန့်သတ်မှုကြောင့် တနိုင်းမြို့နယ်အတွင်း စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေပြီး စက်သုံးဆီ ရှားပါးမှုကြောင့် ရှင်ဗွေယန်မြို့နယ်အတွင်းရှိ တရားမဝင် ရွှေလုပ်ကွက် ၃၀ ကျော် ရပ်နားထားရကာ သွားလာရေး အခက်အခဲကို ရင်ဆိုင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

R-06



FOLLOW US